တမူးမြို့ နန့်ဖာလုံတွင် နေထိုင်သူအား ပျူစောထီးများ သတ်ဖြတ်ဟုဒေသခံများဆို

တမူးမြို့ နန့်ဖာလုံတွင် နေထိုင်သူအား ပျူစောထီးများ သတ်ဖြတ်ဟုဒေသခံများဆို

ဇူလိုင်လ ၁၅ ရက်

စစ်ကိုင်းတိုင်း တမူးမြို့ နန်းဖာလုံတွင်နေထိုင်သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍အလောင်းကို စွန့်ပစ် ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ည ၉ နာရီအချိန်တွင် တမူးမြို့၊ မြို့မ (၁၃) နန်းဖာလုံတွင်နေထိုင်သူ ဉီးဇော်ခိုင် (၃၅ နှစ်) အား နေအိမ်တွင်လာရောက်သတ်ဖြတ်၍ အလောင်းကို အိန္ဒိယ-မြန်မာနယ်စပ် ပန်ကာဝင်ပေါက် ချောင်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

“ ပျူစောထီး လေးယောက်ကသတ်သွားတာလို့သိရတယ်။ ခေါင်းတစ်ခုလုံးကြေမွနေတာ တူ (ဒါမှမဟုတ်) အမာတစ်ခုခုနဲ့ ထုသတ်သွားတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

သေဆုံးသူသည် သုံးဘီးမောင်းသူဖြစ်ပြီး ဆရာစံ၊ ဝက်ရှု၊ သံယောဇဉ်ကျေးရွာများသို့ မီးသွေးများ ကယ်ရီ ပို့ဆောင်သောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေသူဖြစ်ပြီး ရံဖန်ရံခါအထမ်းသမား (ကူလီ) အဖြစ် လည်း လုပ်ကိုင်ကြောင်းသိရသည်။

ဉီးဇော်ခိုင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသဖြင့် ယခုကဲ့သို့ ပျူစောထီးများမှ သတ်ဖြတ်သွားသည်ဟု ကြားသိရသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လင်မယားနှစ်ဦးတည်း အေးချမ်းစွာနေထိုင်သည့် ဦးဇော်ခိုင်၏အလောင်းအား ယနေ့နံနက်ပိုင်းတွင် သင်္ဂြိုဟ် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း တမူးမြို့ရှောင်လမ်း၊ နန့်ကုလားရပ်ကွက်မှ ကိုအောင်အောင်ဆိုသူ လည်ပင်းလှီးသတ်ဖြတ်ခံခဲ့ရပြီး အသတ်ခံရသည်အကြောင်းကိုမူ သိရှိရခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်ည ၁၀ နာရီခန့်က တမူးမြို့မ ၁၂/က ရပ်ကွက်မှ ရာအိမ်မှူး ကိုအောင်ရွှေအား ၎င်းလုပ်ကိုင်ဆောင်ရွက်မှုအားတားမြစ်သတိပေးရန် သွားရောက်စဉ် တိုက်ခိုက်ရန်ကြိုးစားသဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း တမူးမြို့ စော်ဘွားရပ်ကွက် အမှတ်(၄) ကျောင်းအနီးတွင် အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်သူများမှာ ပျူစောထီး အဖွဲ့ဝင်များဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ များက အမည်တကွထုတ်ဖော်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly