ရွေးကောက်ပွဲကိစ္စ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင်ထွက်ဆို

ရွေးကောက်ပွဲကိစ္စ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင်ထွက်ဆို

ဇူလိုင်လ ၁၅ ရက်

ရွေးကောက်ပွဲကော်မရှင်ကိစ္စတွင်ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇူလိုင်၁၅ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။

အမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပြီး မဲဆန္ဒရှင်စာရင်း ပြုစုသည့်နေရာတွင် မလျော်ဩဇာသုံးခြင်းမရှိကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းပြုစုခြင်း၊ မဲစာရင်းပြင်ဆင်ခြင်းတို့တွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခြင်း လုံးဝမရှိကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ အမှုမှာ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာလွှမ်းမိုးသည်ဟုဆိုကာ စွပ်စွဲထားခြင်းဖြစ်ပြီး ဇွန်လ ၃ရက်နေ့ရုံးချိန်းတွင် အမှုကို စွဲချက်တင်ကြောင်း အမိန့်ချခဲ့သည်။

ဇူလိုင် ၈ ရက်နေ့ရုံးချိန်းတွင် နိုင်ငံတော်သမ္မဦးဝင်းမြင့်ကို စစ်ဆေးခဲ့ရာ သမ္မတက အဆိုပါအမှုနှင့်ပတ်သတ်ပြီး လုံးဝကျူးလွန်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်။ နောက်ရုံးချိန်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၃၀-ကမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly