တမူးခရိုင်အတွင်း စစ်ကောင်စီဒေါက်တိုင်များ ရပ်တန်းက ရပ်ရန် CIA – Tamu သတိပေး

တမူးခရိုင်အတွင်း စစ်ကောင်စီဒေါက်တိုင်များ ရပ်တန်းက ရပ်ရန် CIA – Tamu သတိပေး

ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း စစ်ကောင်စီအား အထောက်အကူပြုနေသည့် ဒေါက်တိုင်များ ရပ်တန်းက ရပ်ကြရန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) Central Intelligence Agency Tamu မှ ဇူလိုင် ၁၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

“ကျနော်တို့ သတင်းအချက်အလက်တွေကို ဖရဲသီး များနဲ့ ပြည်သူများက ပေးထားတာတွေကို စိစစ်ပြီး ပြုစုထားတာပါ၊ သတိပေးချက်ကို မလိုက်နာခဲ့ရင်တော့ သုတ်သင်ရှင်းလင်းသွားမှာပါ” ဟု CIA – Tamu ဒါရိုက်တာ သျှောင်ကြီးဗွေ မှ ပြောသည်။

ပညာရေးဝန်ထမ်း ၊ အထွေထွေဦးစီးဌာန ဝန်ထမ်းနှင့် ပျူစောထီးဖွဲ့ရန် လုပ်ဆောင်နေမှုများအား သတိပေးခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ရရှိလာမည့် အကျိုးဆက်သည် ၎င်းတို့တာဝန်သာ ဖြစ်ကြောင်းဆိုသည်။

တမူးခရိုင်အတွင်း စစ်ကောင်စီပညာရေးအား အထောက်အကူပြုနေကြသည့် Non CDM ဆရာ/ဆရာမ များ၏ အမည်စာရင်းများ ရရှိပြီးသည့်အတွက် ၎င်းတို့အနေဖြင့် အရေးယူခြင်းမခံရမီ အမြန်ဆုံးနုတ်ထွက်ကြရန် သတိပေးထားသည်။

လာမည့် ၂၀၂၃ ခုနှစ် တရားမဝင် ရွေးကောက်ပွဲအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ဓာတ်ပုံနှင့် တကွ အချက်အလက်များ ရရှိပြီးသည့်အတွက် ၎င်းတို့၏ လုပ်ရပ်များအား ရပ်တန်းကရပ်ရန် ဆိုထားသည်။

ထို့အပြင် တမူးခရိုင် ခမိတ်ကျေးရွာတွင် စစ်ကောင်စီဒေါက်တိုင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအား ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ပြင်းထန်းစွာ သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ CIA – Tamu အနေဖြင့် ထောက်လှမ်းရေး ကွန်ရက်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် အချို့မြို့နယ်များတွင် အဖွဲ့ ခွဲများ တည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ရက် ယနေ့တွင် တော်လှန်ရေးကာလအတွင်း လိုအပ်လျက်ရှိသည့် သတင်းထောက်လှမ်းခြင်း ၊ သတင်းဖလှယ်ခြင်း ၊ စစ်မြေပြင်သတင်းထောက်လှမ်းခြင်း ၊ စစ်ကောင်စီ သူလျှို / ဒလန်များ ထောက်လှမ်းဖော်ထုတ်နိုင်ရန်အတွက် CIA – Yamethin အား တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်၍ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများသိရှိစေရန် တင်ပြသွားမည်ဖြစ်ကြောင်း နှင့် ပြည်သူများမှလည်း CIA – Yamethin လူမှုကွန်ရက်စာမျက်နှာမှ ဆက်သွယ်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ကြောင်း CIA – Tamu ဒါရိုက်တာ သျှောင်ကြီးဗွေ နှင့် CIA – Yamethin တာဝန်ခံ ဒါရိုက်တာ နဂါးနက်တို့မှ ထုတ်ပြန် ကြေညာထားသည်။

#mizzima

#တော်လှန်ရေးကာလ

#CIA_Tamu

#စစ်ကောင်စီဒေါက်တိုင်များ

#ထုတ်ပြန်ကြေညာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly