မကာအိုရှိ ကာစီနိုလောင်းကစားရုံ သူဋ္ဌေးဟောင်းက အစိုးရအား ကန်ဒေါ်လာ ၁ ဘီလီယံကို အခွန်ရှောင်ခဲ့

မကာအိုရှိ ကာစီနိုလောင်းကစားရုံ သူဋ္ဌေးဟောင်းက အစိုးရအား ကန်ဒေါ်လာ ၁ ဘီလီယံကို အခွန်ရှောင်ခဲ့

တရုတ်နိုင်ငံ မကာအိုရှိ ကာစီနိုလောင်းကစားရုံ၏ သူဋ္ဌေးဟောင်း အယ်လ်ဗင် ချွာသည် အစိုးရအား အမေရိ ကန်ဒေါ်လာ ၁ ဘီလီယံကို အခွန်ရှောင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသည်။

အသက် ၄၈ အရွယ် အယ်လ်ဗင်ချွာသည်သည် Suncity Group ကို တည်ထောင်သူဖြစ်ပြီး အခြားသော အကြီးတန်း အမှုဆောင် ၂၀ ဦးနှင့်အတူ ကြီးမားသော ရာဇဝတ်ဂိုဏ်းတစ်ခုကို တည်ထောင်ထားကြောင်း Asia Nikkie က ဖော်ပြခဲ့သည်။

အယ်လ်ဗင် ချွာကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် လောင်းကစားမှုအပါအဝင် ရာဇဝတ်မှု ၂၈၆ ခုဖြင့် နိုဝင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ဆယ်စုနှစ်များစွာ ထောင်ချခံရနိုင်သည်။ ၎င်း၏ ရုံးတင်စစ်ဆေးမှုကို စက်တင်ဘာ ၂ ရက်တွင် စတင်မည်ဖြစ်သည်။

ကာစီနိုသူဋ္ဌေးဟောင်းနှင့် အခြားအမှုဆောင် အရာရှိများသည် ကုမ္ပဏီကို ဗန်းပြပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ အခွန်ငွေ ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ဝ၄ ဘီလီယံ) ကို အခွန်ရှောင်ခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်း ကြံစည်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု မေ ၂၄ ရက်စွဲ၊ စာမျက်နှာ ၂၂၄ မျက်နှာပါ စွဲချက်တစ်ခုတွင် ထည့်သွင်းဖော်ပြထားသည်။

“ချွာသည် Suncity Group နှင့် Suncity VIP Club ၏ အမည်ကိုအသုံးပြုပြီး မကာအိုတွင် ရေရှည် တည်ရှိနေ သော၊ အလွန်တည်ငြိမ်သောစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသွင်ဆောင်ခဲ့သည်။ အဖွဲ့၏ အဓိကရည်ရွယ် ချက်မှာ တရားမဝင်အမြတ်အစွန်းများရရှိရန်ဖြစ်သည်။” ဟု စွဲချက်တွင် ဖော်ပြထားသည်။

စွပ်စွဲချက်များတွင် မူလလောင်းကြေးကို အဆ ၂၀ သို့မဟုတ် ထို့ထက်ပိုလာစေရန် ကာစီနို တွင် တရားမဝင်စားပွဲအောက်လောင်းကစားမှုများ ပြုလုပ်နေသည်ဟု ဆိုထားသည်။

“လောင်းကစားသမားတစ်ယောက်က စားပွဲပေါ်မှာ ယွမ် တစ်သောင်း (ဒေါ်လာ ၁၅၀ဝ) လောင်းတဲ့အခါ ယွမ် နှစ်သောင်းကို 'စားပွဲအောက်' မှာ တစ်ပြိုင်တည်း လောင်းတယ်။ထိုးသားက အနိုင်ရရင် ကာစီနိုက သူ့ကို ယွမ် တစ်သောင်း ပေးပြီး ကုမ္ပဏီက သူ့ကို ယွမ် နှစ်သောင်း ပေးတယ်။ ထိုးသားက ရှုံးသွားရင် ကာစီနိိုက ယွမ် တစ်သောင်းနဲ့ တရားမဝင် ဂိမ်းအဖွဲ့ကို ယွမ် ၂၀,ဝဝဝ ကိုလည်း ပေးရတယ်” ဟု စွဲချက်က ဖော်ပြထားသည်။

မကာအို၏ ကာစီနိုများ ပိုင်ဆိုင်သည့် VIP အခန်းပေါင်း ၂၀ဝ ကျော်တွင် တရားမဝင်လောင်းကစားခြင်းများကို လုပ်ဆောင်နေကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly