ရှင်ကျန်းရဲမှတ်တမ်းဖိုင်များ၌ ဆွေမျိုးများ၏အမည်စာရင်းတွေ့ရမှုအပေါ် ပြည်ပရှိ ဝီဂါများ အံ့ဩတုန်လှုပ်

ရှင်ကျန်းရဲမှတ်တမ်းဖိုင်များ၌ ဆွေမျိုးများ၏အမည်စာရင်းတွေ့ရမှုအပေါ် ပြည်ပရှိ ဝီဂါများ အံ့ဩတုန်လှုပ်

တရုတ်အာဏာပိုင်များက ဖမ်းဆီးထားသည့် ဝီဂါနှင့် အခြားသော တာကစ်လူမျိုးများအကြောင်း အချက်အလက်များပါရှိသည့် ပေါက်ကြားလာသော ရဲမှတ်တမ်းများတွင် ဆွေမျိုးများ၏ အမည်များကို တွေ့ရှိရသည့်အတွက် ပြည်ပမှ ဝီဂါအများအပြားသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

အစောပိုင်းက တရုတ်နိုင်ငံအနောက်ဘက်စွန်း ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံထားရသော ဝီဂါများနှင့် အခြားသော တာကစ်လူမျိုးများ၏ အချက်အလက်များပါရှိသော ရှင်ကျန်းရဲမှတ်တမ်းဖိုင်များ ပေါက်ကြားခဲ့သည်။ အဆိုပါစာရင်းတွင် အမည်နှင့် မှတ်ပုံတင်အမှတ်များ ပါရှိသလို ဓာတ်ပုံများနှင့် ၎င်းတို့ စွပ်စွဲခံထားရသော ရာဇဝတ်မှုများလည်း ပါရှိသည်။

ရာဘီဂါလ်ဟာဂျီမူဟာမတ်သည် မေလက အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုမှ ဖြန့်ချိလိုက်သည့် လျှို့ဝှက်မှတ်တမ်းများတွင် ရှာဖွေစဉ် အကြမ်းဖက်မှုအကြောင်း အွန်လိုင်းတွင်ဝါဒဖြန့်မှုအတွက် ထိန်းသိမ်း ခံထားရသော ၎င်း၏အတန်းဖော်ဟောင်း နူရာလီအက်လက် ၏အမည်ကို တွေ့ရှိခဲ့သည်ဟု Global Security က ဖော်ပြခဲ့သည်။

“လွန်ခဲ့တဲ့ ၅ နှစ် ကောလိပ်မှာတည်းက ကျွန်မ သူ့ကို ကောင်းကောင်းသိတယ်။ သူက အရမ်းကြိုးစားပြီး တက္ကသိုလ်မှာ တက်ကြွတဲ့ ကျောင်းသားတစ်ယောက်ပါ။ နူရာလီလို လူတွေဟာ ကျွန်မတို့အတွက် ဓာတ်ပုံ သက်သက်မဟုတ်ပါဘူး။ ကျွန်မတို့နဲ့ တခြားလူတွေလိုပဲ ရှင်သန်နေတဲ့ လူသားတွေပါ” ဟု သူမက ဆိုသည်။ ထိန်းသိမ်းခံထားရသော ဝီဂါများသည် အကြမ်းဖက်သမားများမဟုတ်ဘဲ ကောလိပ်ကျောင်းပြီးထား သူများဖြစ်ကာ  ဥပဒေကိုလိုက်နာပြီး ကြိုးစားသည့် လူတန်းစားဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရသည် တခြားမျိုးဆက်များထက် ၁၉၈၀ ပြည်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်အလွန် မွေးဖွားသော ဝီဂါများကို ပစ်မှတ်ထားကြောင်း ကောက်ချက်ချမိသည်ဟု အမေရိကန်အခြေစိုက် ဝီဂါတစ်ဦးက ပြောသည်။

ဝီဂါနှင့် တခြား မွတ်စလင်လူနည်းစုများကို ပစ်မှတ်ထားသော တရုတ်အနောက်မြောက်ပိုင်း၌ ရှင်ကျန်း ထိန်းသိမ်းရေးစခန်းဆိုင်ရာလှုပ်ရှားမှု အထူးကျွမ်းကျင်သူ ဒေါက်တာ အေဒရီယန်ဇန်းက အချက်အလက်များကို အတည်ပြု မစစ်ဆေးမီ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများသို့ ပေးပို့ခဲ့သည်။

“တရုတ်အစိုးရဟာ ဒီရာဇဝတ်မှုတွေဟာ အစကတည်းက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ဒီအချက်အလက်တွေက ပြသနေပါတယ်။ တရုတ်ရဲ့ အလုံးစုံရည်ရွယ်ချက်က သူတို့တွေကို ထိန်းသိမ်းခြင်းအားဖြင့် တိုင်းရင်းသားအသိုက်အဝန်းတစ်ခုလုံးကို အဆုံးသတ်ဖို့ပါ” ဟု ဇန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required