ပါကစ္စတန်၌ ပျောက်ဆုံးနေသူများကို ပြန်ရှာမတွေ့ပါက ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် ဖြေရှင်းရမည်ဟု တရားရုံး ညွှန်ကြား

By Zee5
12 July 2022
ပါကစ္စတန်၌ ပျောက်ဆုံးနေသူများကို ပြန်ရှာမတွေ့ပါက ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် ဖြေရှင်းရမည်ဟု တရားရုံး ညွှန်ကြား

ပါကစ္စတန်နိုင်ငံ၏ အစ္စလမ်မာဘတ် ဗဟိုတရားရုံး (IHC) တွင် ကြားနာစစ်ဆေးလျက် ရှိသော ပျောက်ဆုံးလူပုဂ္ဂိုလ်များကို စက်တင်ဘာ ၉ ရက် လာမည့် ရုံးချိန်း၌ ပေါ်ထွက်လာစေရေး လုပ်ဆောင်ရန် IHC တရားရုံးက ဇူလိုင် ၄ ရက်တွင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ကို ညွှန်ကြားလိုက်သည်။ အကယ်၍ ပျက်ကွက်ပါက ဝန်ကြီးချုပ်အနေဖြင့် တရားရုံးသို့ လူကိုယ်တိုင်လာရောက် ဖြေရှင်းချက် ပေးရမည်ဟု တရားရုံးက ညွှန်ကြားထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အစ္စလမ်မာဘတ် ဗဟိုတရားရုံးသည် လူသိများသော ဂျာနယ်လစ် မူဒက်ဆာ မာမွတ် နာရို နှင့် အခြား လူငါးဦး ပျောက်ဆုံးမှုနှင့် ဆက်နွယ်သည့် ပျောက်ဆုံးလူပုဂ္ဂိုလ်များ ကိစ္စကို ကြားနာစဉ် တရားရုံး၏ တရားသူကြီးချုပ် အက်သာ မီနယ်လာက ဝန်ကြီးချုပ်ကို အထက်ပါ ဆင့်ခေါ်ချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်အနေနဲ့ ဒီ တရားရုံး အသနားခံလွှာတွေမှာ နာမည်ပါတဲ့ ပျောက်ဆုံး နိုင်ငံသားတွေကို လာမယ့် ရုံးချိန်းမှာ တရားရုံး ရှေ့မှောက် ရောက်လာနိုင်အောင် လုပ်သင့်ပါတယ်။ တကယ်လို့ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင် လာပြီး အစိုးရဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်မှုအပေါ် ရှင်းချက်ထုတ်သင့်ပါတယ်” ဟု တရားသူကြီးချုပ် အက်သာ မီနယ်လာက ဇူလိုင် ၄ ရက် ကြားနာမှုအတွင်း ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

အတင်းအကျပ် ဖမ်းဆီး ပျောက်ကွယ်စေမှုများဆိုင်ရာ လူသားမဆန်ဆုံးနှင့် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး လုပ်ရပ်များတွင် ပါဝင်ပတ်သက်ထားခဲ့သော သို့မဟုတ် ဆက်လက်ပါဝင်ပတ်သက်နေသော အစိုးရ အရာထမ်းများအပေါ် အရေးယူမှုနှင့် စပ်လျဉ်းပြီး ဝန်ကြီးချုပ် ရှာဘတ်ဇ်အနေဖြင့် တရားရုံးသို့ လာရောက် အသိပေးမည်ဟု မျှော်လင့်ခဲ့ကြောင်း အစ္စလမ်မာဘတ် ဗဟိုတရားရုံးက မှတ်ချက်ပြုသည်။

“အတင်းအဓမ္မ ဖမ်းဆီး ပျောက်ဆုံးစေမှုတွေက အစိုးရရဲ့ ထုတ်ဖော်မကြေညာထားတဲ့ မူဝါဒတစ်ခု မဟုတ်ဘူးဆိုပြီး ဝန်ကြီးချုပ်အနေနဲ့ အထင်အရှား ထုတ်ဖော်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တရားသူကြီးချုပ် မီနယ်လာက ပြောသည်။

ပျောက်ဆုံး လူပုဂ္ဂိုလ်များ ပြန်ရှာရေးနှင့် စပ်လျဉ်းသည့် တရားရုံး အမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာရန် အစိုးရ၏ ပျက်ကွက်မှုအတွက် တရားသူကြီးချုပ် မီနယ်လာက ဒုတိယရှေ့နေချုပ် ခါဝါဂျာ အမ်တီယာ့ဇ်ထံ အကြောင်းပြချက်များ တောင်းခံထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly