မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရ

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရ

ဇူလိုင်လ ၁၃ ရက်

ချင်းပြည်နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် စစ်ဘေးရှောင်ရင်း မိသားစုဝမ်းရေးအတွက် စစ်ရှောင်စခန်းများမှ အလုပ်ထွက်လုပ်သည့်သူများအနေဖြင့်ဒေသခံအလုပ်ရှင်တစ်ချို့မှ လုပ်ခများကို အပြည့်အဝမပေးကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် မြန်မာပြည်မှ စစ်ဘေးရှောင်ရောက်ရှိလာသည့်သူ များပြားခြင်းကြောင့် ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများနည်းပါးလာပြီး၊ ကုန်ဈေးနှုန်းများလည်း အဆမတန်ဈေးမြင့်တက်နေကြောင်း သိရသည်။

''အလုပ်တွေက အရင်ကလိုမဟုတ်တော့ဘူး အရမ်းရှားလာကြတယ်။ မတူပီကနေ စစ်ရှောင်လာကြတဲ့သူတွေကလည်း စခန်းထဲမှာနေတာကြာတော့ စားဖို့သောက်ဖို့အတွက် အလုပ်ထွက်လုပ်ရတယ်။ ဒီမှာက ကျောက်ခွဲတဲ့အလုပ်တွေ၊ သစ်ဆွဲသစ်ခုတ်၊ တောင်ယာ၊ ပေါင်းရှင်းတဲ့အလုပ်တွေကို ကိုလုပ်ကြရတယ်။ ဒေသခံတွေကိုခါ်ခိုင်းရင် တစ်နေ့ကို အိန္ဒိယငွေ ရူပီး ၁,၀၀၀ ပေးရတယ်။ မတူပီက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ခေါ်ခိုင်းရင် ယောက်ျားလေးဆိုရင် ၅၀၀ရူပီး ၊ မိန်းကလေးဆိုရင် ၄၀၀ရူပီးပဲ ပေးကြတယ်၊ အဲဒါကို တချို့ကအပြည့်အဝ မပေးကြဘဲ ချန်ထားကြတယ်၊ မကျေနပ်လို့တိုင်ရင်လည်း ဘယ်သူမှကိုယ့်ဘက်မှာမရှိဘူး''ဟု စစ်ရှောင် တစ်ဦးမှ ပြောသည်။

လက်ရှိ အိန္ဒိယငွေဈေးနှုန်းမှာ ရူပီး၁၀၀လျှင်၊မြန်မာငွေ ၂,၅၀၀ကျပ်ပေါက်ဈေးရှိနေပြီး၊ CP ကြက်တစ်ပိဿာ ရူပီး၅၀၀၊ အမဲသားတစ်ပိဿာ ရူပီး ၆၀၀ ၊ ဝက်သားတစ်ပိဿာရူပီး ၅၅၀ဈေးရှိနေကြောင်း သိရသည်။

''တစ်နေ့ကို လုပ်အားခပုံမှန်ရရင်တောင် ၅၀၀ ရူပီးပဲရတယ်။ ကုန်ဈေးနှုန်းတွေက အရမ်းကြီးတော့ ကိုယ့်ရဲ့လုပ်အားခ တစ်နေ့စာက ကြက်တစ်ပိဿာဖိုးတောင်မရှိဘူး ဖြစ်နေတယ်။ မြန်မာပိုက်ဆံနဲ့ တွက်ရင်တော့ ရူပီး ၅၀၀ က ၁၂,၅၀၀ကျပ်ဆိုတော့ များသလိုရှိပေမယ့် မီဇိုးဘက်မှာ မိသားစုဟင်းတစ်နပ်တောင် ဝယ်မရဘူး။ ဒီကြားထဲ လုပ်ခအပြည့်မရတော့တော်တော်လေးခက်ခဲနေကြတယ်''ဟု စစ်ရှောင်တစ်ဦးမှလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly