မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းရှိ JW (ADK)စက်ရုံ ဆက်လက်ဆန္ဒထုတ်ဖော်ရန် ရှိနေ

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းရှိ JW (ADK)စက်ရုံ ဆက်လက်ဆန္ဒထုတ်ဖော်ရန် ရှိနေ

ဇူလိုင် ၁၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းရှိ ကနေဒါနိုင်ငံသားပိုင် JW(ADK) အထည်ချုပ်စက်ရုံသည် လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြားညှိနှိုင်းမှု အဆင်ပြေခြင်း မရှိသေးသည့်အတွက် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်ရန် ရှိနေသည်ဟု ညှိနှိုင်းရေးအလုပ်သမားခေါင်းဆောင်တစ်ဦးက ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့တွင် မဇ္စျိမ ကို ပြောသည်။

“တောင်းဆိုထားတဲ့ အချက်တွေကို ဖြည့်ဆည်းပေးတာ မတွေ့ရသေးဘူး။ ဘယ်လိုဖြစ်နေလဲဆိုတော့ စက်ရုံအတွင်း ဆန္ဒထပ်ပြမှုတွေ ဖြစ်နိုင်တဲ့ အလားအလာရှိနေတယ်လို့ ကြားနေရတယ်။ အခု အလုပ်သမားတွေက ဘာကိုမကျေမနပ် ဖြစ်နေတာလဲဆိုတော့ ထုတ်လုပ်မှု ဆုကြေးအပြည့်အဝ မရတာကို မကျေမနပ် ဖြစ်နေကြတယ်။ အဲ့ဒီအတွက် ဆန္ဒပြမှုက ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေမှာလည်း ရှိတယ်ပေါ့နော်” ဟု ဆိုသည်။

ထို့ကြောင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် အလုပ် သမားများဘက်က တောင်းဆိုသည့် အချက်များ ညှိနှိုင်းဆောင်ရွက်ခြင်း အဆင်မပြေပါက ဆက်လက်ဆန္ဒထုတ်ဖော်ရန် ရှိနေကြောင်း ဆိုသည်။

ယင်း စက်ရုံအတွင်းရှိ အလုပ်သမားတို့က ဇူလိုင်လ ၇ ရက်နေ့တွင် အချက် ၁၀ ချက်ပါ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့မှာ Day ကြေးတိုးပေးရန်၊ ထုတ်လုပ်မှု ဆုကြေးပုံမှန်ပေးရန်၊ ကျွမ်းကျင်ကြေးပေးရန်၊ ရက်မှန်ကြေးတိုးရန် အပါအဝင် ဆေးခွင့် ၊ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် စသည့် အချက်များကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့က အလုပ်သမားများတောင်းဆိုထားသည့် ကျွမ်းကျင်းကြေးနှင့် ထုတ်လုပ်မှုဆုကြေးတို့အတွက် အလုပ်ရှင်ဘက်မှ ရှင်းပေးသော်လည်း ရသင့် ရထိုက်သောဆုကြေးများကို အပြည့်အဝပေးခြင်း မရှိခဲ့ဟု ဆိုသည်။

“ ဇူလိုင် ၉ ရက်နေ့ မှာ ထုတ်လုပ်မှု ဆုကြေးပိုက်ဆံကို ခေါ်ပေးတယ်။ ဒါပေမယ့် အပြည့်အဝမပေးဘူး။ ထုတ်လုပ်မှု ဆုကြေး တစ်သောင်းခွဲတောင်းတာကို မပေးဘူး။ ၇,၅၀၀ ဘဲ ပေးတယ်။ ကျွမ်းကျင်မှုဆုကြေးကိုတော့ ၉,၀၀၀ ကျပ် အပြည့်ပေးတယ်။ အခုအလုပ်သမားတွေက ဘာကို မကျေမနပ်ဖြစ်နေတာလည်း ဆိုတော့ ထုတ်လုပ်မှု ဆုကြေးအပြည့်အဝ မရတာကို မကျေမနပ် ဖြစ်နေကြတယ်။ အဲ့ဒီအတွက် ဆန္ဒပြမှုက ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေမှာလည်း ရှိတယ်ပေါ့နော်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲဲ့ချုပ်(CTUM)သို့ တိုင်ကြားစာ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယင်းအတွက် အဆိုပါ စက်ရုံအတွင်း ချုပ်လုပ်နေသော နိုင်ငံများရှိ Brand များသို့ စာပို့အကြောင်းကြားထားပြီး၊ ယင်းနိုင်ငံများအတွင်းရှိ အလုပ်သမားသမဂ္ဂအဖွဲ့များထံသို့ ကူညီဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောသည်။

JW(ADK) အထည်ချုပ်စက်ရုံတွင် LIDL အမည်ရှိ ဂျာမဏီ brand ၊ Zara အမည်ရှိ စပိန်နိုင်ငံ Adidas ပိုင်တဲ့ brand နှင့် JACK & JONES brand အမည်ရှိ ဒိန်းမတ်နိုင်ငံ Brand များကို ချုပ်လုပ်နေခြင်းဖြစ်သည်ဟု မခိုင်ဇာအောင်က ပြောသည်။

ဓာတ်ပုံ - FGWM

#Mizzima

#ရန်ကုန်တိုင်း

#မင်္ဂလာဒုံမြို့နယ်

#ဇေကမ္ဘာဝန်း

#JW(ADK)စက်ရုံ

#အထည်ချုပ်စက်ရုံ

#ဆန္ဒထုတ်ဖော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly