ရုရှားနှင့် တရုတ်စစ်သင်္ဘောများ ဂျပန်ရေပိုင်နက်အနီးတွင် ကင်းလှည့်နေ

ရုရှားနှင့် တရုတ်စစ်သင်္ဘောများ ဂျပန်ရေပိုင်နက်အနီးတွင် ကင်းလှည့်နေ

ယူကရိန်း၊ ထိုင်ဝမ်အရေးတို့နှင့် ပတ်သက်ပြီး ဆက်ဆံရေးယိုယွင်းလာချိန်တွင် ရုရှားနှင့် တရုတ်စစ်သင်္ဘော ၈ စင်း ထက်မနည်းကို ယခုသီတင်းပတ်အတွင်း ဂျပန်အနီးရှိ ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ရခြင်းက ယင်းနှစ်နိုင်ငံက ဂျပန်ကို သိသိသာသာ ဖိအားပေးနေကြောင်း သိရှိနိုင်သည်။

ဂျပန်နှင့် တောင်ကိုရီးယားကို ပိုင်းခြားထားသည့် စုရှီးမားရေ လက်ကြားတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး သင်္ဘော တစ်စင်း ဦးဆောင်သည့် ရုရှားစစ်သင်္ဘော ၅ စင်း ဖြတ်ကျော်ခုတ်မောင်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားစစ်သင်္ဘော ၅ စင်းသည် မြောက်ဘက် ဟော့ကိုင်းဒိုးမှ တောင်ဘက် အိုကီနာဝါအထိ ဂျပန်ကျွန်းစုများ အနီးတွင် သီတင်းတစ်ပတ်ကြာ ရှိနေခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားသည်။

ထိုအတောအတွင်း မြို့တော်တိုကျိုတောင်ဘက် ကီလိုမီတာ ၅၀ဝ (၃၁၀ မိုင်) အကွာရှိ အီဇူးကျွန်းစုတွင် တရုတ်စစ်သင်္ဘော ၂ စင်းနှင့် ထောက်ပံ့ရေးသင်္ဘော ၁ စင်းကို ပြီးခဲ့သည့် ဇွန် ၂၈ရက်က တွေ့ရှိခဲ့သည်။

အဆိုပါ သင်္ဘောများထဲမှ တစ်စင်းသည် Type 55 ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘော လာဆာနှင့် တရုတ်၏ အင်အားအကြီးဆုံး မြေပေါ်သွားသင်္ဘောများထဲမှ တစ်စင်း ဖြစ်ကြောင်း ယူဆရသည်။

တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်က အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားနေ သော ကျွန်းများတွင် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရေး အတွက် အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ 

ယင်းဖြစ်စဉ်မတိုင်မီက တရုတ်သင်္ဘော ၂ စင်းသည် အငြင်းပွားဆန်ကာကူကျွန်းများအနီး ဂျပန်ရေပိုင်နက် အတွင်းသို့ မေ ၉ ရက်က ဝင်ရောက်ခဲ့သည်။

ဂျပန်က ဆန်ကာကုကျွန်းစုများကို ထိန်းချုပ်ထားသည်။ ဂျပန်အစိုးရက ကျွန်းများကို ဂျပန်ပိုင်နက်၏ အမွေ အနှစ် အစိတ်အပိုင်းအဖြစ်ရရှိခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆို ထားသည်။

အာရှစီးပွားရေး အင်အားကြီး နှစ်နိုင်ငံစလုံးသည် ဆန်ကာကုကျွန်းများကို ပိုင်ဆိုင်မှုကြောင်း ကြေညာထားသည်။ ဂျပန်ကလည်း ယင်းကျွန်းစုများ၏ အချုပ်အခြာအာဏာကို အခိုင်အမာ တောင်းဆိုထားသည်။

ဂျပန်က ယင်းကျွန်းစုများ၏ အချုပ်အခြာအာဏာကို ၁၈၉၅ ခုနှစ်ကတည်းက ကြေညာထားပြီး ၁၇၈၃ခုနှစ်နှင့် ၁၇၈၅ ခုနှစ် ဂျပန်မြေပုံများတွင် တရုတ်နယ်မြေဖြစ်ကြောင်း ဖော်ပြထားသည်ဟု တရုတ်ကလည်း အခိုင်အမာပြောကြားထားသည်။

ဂျပန်အစိုးရက ကျွန်းငါးကျွန်းအနက် ၃ ကျွန်းလုံးကို ပုဂ္ဂလိကပိုင်ပိုင်ရှင်ထံမှ ဝယ်ယူခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီးအငြင်းပွားမှု ပိုမိုပြင်းထန်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly