ထားဝယ်မြို့ သင်္ကန်းတုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ရွာသားတချို့ကိုပါ ဖမ်းဆီးထား

08 July 2022
ထားဝယ်မြို့ သင်္ကန်းတုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ရွာသားတချို့ကိုပါ ဖမ်းဆီးထား

ကိုရွှေမြိတ်

လောင်းလုံး၊ဇူလိုင်လ(၈)

တနင်္သာရီတိုင်း ထား၀ယ်မြို့နယ် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာတို့ကို ဖြတ်သွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှု ပြုလုပ်ပြီး လူနေအိမ် သုံးဆောင်ထက်မနည်း စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ကာ ဒေသခံ တချို့ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့က ယင်းနေ့ နံနက် ၇ နာရီ အချိန်တွင် လူနေအိမ်များကို ဝင်ရောက် မွှေနှောက်ပြီး နေအိမ် အတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားသည့် အပြင် ဒေသခံ ငါးဦးကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"စစ်တပ်က ရွာထဲ ဝင်တုန်းက အိမ်တိုင်းမှာ ရှိတဲ့ ပစ္စည်းများကို ကားပေါ်တင်ပြီး ယူသွားတယ်၊ အိမ်တွေကိုလည်း သေနတ်နဲ့ ရမ်းသန်း ပစ်ခတ်သွား သေးတယ်"ဟု သင်္ကန်းတုံးရွာ သားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၂၀၀ နီးပါး ပါသည့် မော်တော်ယာဥ်တန်း ၁၄ စီးသည် သင်္ကန်းတုံးရွာ အနီးကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိ လာပြီး ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်း၌ သင်္ကန်းတုံးရွာ နှင့် ဝကုန်းရွာတို့ကို ဖြတ်သွားခဲ့သည့် အချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

#mizzima

#ထား၀ယ်မြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#လက်နက်ကြီး

#ရမ်းသန်းပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly