အာဏာသိမ်းစစ်တပ်သည် အာဆီယံကို ပြက်ရယ်ပြုနေကြောင်း NUG ပြော

အာဏာသိမ်းစစ်တပ်သည် အာဆီယံကို ပြက်ရယ်ပြုနေကြောင်း NUG ပြော

ဇူလိုင် ၈

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာ့အရေးဖြေရှင်းရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ကြိုးပမ်းမှုအပေါ် ပြက်ရယ်ပြုနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) နိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရာဆွန်ခွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြဿနာများအားဖြေရှင်းရန် စိတ်အားထက်သန်စွာကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီမှ ပူးပေါင်းပါဝင်မှု မရှိသည့်အတွက် လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ ဖြစ်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လမ်းကြောင်းမှန် ပြင်ဆင်ချမှတ်နိုင်ခြင်းမပြုသေးခင်တွင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက် စစ်အုပ်စု၏ အာဆီယံခေါင်းဆောင်များအပေါ် ဂုဏ်သိက္ခာချခြင်းလုပ်ရပ်များအား မည်မျှအထိ သည်းခံကြ မည်နည်း” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က အာဆီယံအထူးကိုယ်စားလှယ်၏ ကြိုး ပမ်းဆောင်ရွက်မှုများကို မေးခွန်းထုတ်ထားသည်။

လက်ရှိ အလှည့်ကျတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအထူး ကိုယ်စား လှယ် ပရာဆွန်ခွန်း၏ ကိုယ်စားလှယ် သက်တမ်းမှာ ငါးလခန့်သာကျန်ရှိတော့သည်။

ယင်းအပြင် အာဆီယံဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းရယူပြီးနောက် မြန်မာနိုင်ငံသို့လာရောက်သော ကမ္ဘော ဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်အတွင်း၌လည်း စစ်ကောင်စီကပြက်ရယ်ပြုဆက်ဆံခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာဆီယံဥက္ကဋ္ဌက စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားသော စီးပွားရေးအကြံပေး၊ ဩစတေးလျနိုင်ငံသား Mr. Sean Turnell အား ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မည့် အစီအစဉ်များ အားဖျက်သိမ်းရန် လူသိရှင်ကြား တောင်းဆိုခဲ့သော်လည်း ၎င်း၏တောင်းဆိုမှုများသည် နှစ်ကြိမ်စလုံး ငြင်းပယ်ခံခဲ့ရမှုက အထင်အရှားဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အထူးကိုယ်စားလှယ် မစ္စတာပရာဆွန်ခွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်နှင့် အကျဉ်း ထောင်သို့မပို့ဆောင်ရန် တောင်းဆိုမှုသည်လည်း ငြင်းပယ်ခံရသည့်အတွက် အာဆီယံ၏ကြိုးပမ်းမှုအပေါ် စစ်ကောင်စီက ပြက်ရယ်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခြင်းသည် ကျင့်၀တ်ပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ရုံသာမက နိုင်ငံရေးအရ လိမ္မာပါးနပ်သော လုပ် ဆောင်မှုတစ်ရပ်လည်းဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းသည် အာဆီယံ၏ အကောင်းဆုံးသော အကျိုးစီးပွားလည်းဖြစ်ပါသည်” ဟု မြန်မာ့နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမျိုးသားညီညွတ်အရေးအစိုးရ (NUG) ကမူ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရာဆွန်ခွန်းနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရာဆွန်ခွန်းသည် ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင် လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ခရီးစဉ်အဖြစ်လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ နှင့်သာတွေ့ဆုံခဲ့ကာ အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

ထိုသို့ စစ်ကောင်စီထံ ချဉ်းကပ်ပြီးမှ မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ကြိုးပမ်းမှုအပေါ် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများက ပြစ်တင်ဝေဖန်နေကြသည်။

#Mizzima

#အာဆီယံ

#အထူးကိုယ်စားလှယ်

#အမျိုးသားညီညွတ်အရေးအစိုးရ(NUG)

#နိုင်ငံခြားရေးဝန်ကြီးဌာန

#ပြက်ရယ်ပြု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required