ပင်းတယ-ရွာငံဖြတ်လမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုကြောင်း JPGF အသိပေးထုတ်ပြန်

ပင်းတယ-ရွာငံဖြတ်လမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုကြောင်း JPGF အသိပေးထုတ်ပြန်

ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ-ရွာငံဖြတ်လမ်း (တောင်ပေါ်ကြီး လမ်း)ကို ပြည်သူများအနေဖြင့် လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယနေ့ ဇူလိုင် ၄ ရက် နေ့တွင် ချိုးဖြူပြောက်ကျားတပ်ဖွဲ့( JPGF)က အသိပေးထုတ်ပြန်ထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)သည် "တော်ဝင်နဂါး" စစ်ဆင်ရေးအမည်ဖြင့် ပင်းတယမြို့ မြောက် ဘက်ရှိ မြောက်ကျောင်းကြီးစစ်ဆေးရေးဂိတ် ရဲကင်းကို ဇွန်လ ၂၉ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။ ၎င်းနောက်တွင် စစ်ကောင်စီတပ်သည် ပင်းတယမြို့ အဝင်အထွက်ဂိတ်အားလုံးကို ပိတ်ဆို့စစ်ဆေး၍ စစ်ကောင်စီတပ်မှစစ်ကားများသည် တောင်ပေါ်ကြီးမြို့ ဘက်သို့ ထွက်ခွာလာကြသည်။

ထို့ကြောင့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အနေဖြင့် တောင်ပေါ်ကြီးလမ်းပေါ်တွင် ဖြတ်သန်းသွားလာ သည့် စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချုံခို တိုက်ခိုက်ခြင်းများ အလျဉ်းသင့်သလို လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

မိဘပြည်သူများအနေဖြင့် ပင်းတယမြို့ -ရွာငံဖြတ်လမ်း (တောင်ပေါ်ကြီးလမ်း)ကို ဇွန်လ ၂၉ ရက်နေ့မှစ၍ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

သို့သော်လည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အနေဖြင့် တောင်ပေါ်ကြီးလမ်းပေါ်တွင် mission ပြုလုပ်မည်ဆိုပါက လမ်းဘေးဝဲယာရှိကျေးရွာများအား စစ်ကောင်စီမှ အကြမ်းဖက်မှုများပြုလုပ်လာမည် ကို ဒေသခံများ စိုးရိမ်နေကြခဲ့သည်။ ထို့အတွက် မိမိတို့၏ mission များကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ပြီး ပြည်သူများအနေဖြင့် အဆိုပါလမ်းအား လွတ်လပ်စွာအသုံးပြုနိုင်ပြီဖြစ်ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့( JPGF)က ယနေ့ ဇူလိုင်လ ၄ ရက် ရက်စွဲဖြင့် ပြန်လည်ထုတ်ပြန်အသိပေး ခြင်းဖြစ်သည်။

#Mizzima

#ရှမ်းပြည်တောင်ပိုင်း

#ပင်းတယ-ရွာငံဖြတ်လမ်း

#ပြန်လည်ဖြတ်သန်းခွင့်ပြု

#JPGFထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly