လောင်းလုံး PDF စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းများအပြင် ရဲဘော် ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
04 July 2022
လောင်းလုံး PDF စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းများအပြင် ရဲဘော် ဖမ်းဆီးခံရ

လောင်းလုံး၊ဇူလိုင်လ ၄ ရက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီ တပ်ဖွဲ့က အင်အား အလုံး အရင်း နှင့် ဝင်ရောက် စီးနင်းခံရတာကြောင့် လက်နက်ခဲယမ်းများ အပြင် ရဲဘော် တစ်ဦးပါ ဖမ်းဆီးခံ လိုက်ရကြောင်း (LLPDF) အဖွဲ့၏ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ၏ စခန်းကို စစ်ကောင်စီ တပ်ဖွဲ့၏ သတင်းပေး ဒလန်ကြောင့် အင်အား အလုံး အရင်းနှင့် ရောက်ရှိ လာသည့် စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ကြား အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ အင်အား နှင့် လက်နက် အင်အားပါ မမျှတတာကြောင့် စခန်းကို စွန့်ခွာပြီး ဘေးကင်းရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။

ထို့အပြင် ယင်း တိုက်ပွဲတွင် PDF ရဲဘော် တစ်ဦးလည်း စစ်ကောင်စီ တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရများ နှင့် ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်တွင် ရေးသားထားသည်။

LLPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက"ရုတ်တရက် ဝင်လာတဲ့ အချိန်မှာ ဘာဆို ဘာမှယူဖို့ အချိန်မရလိုက်ဘူး၊ ရဲဘော်တွေ ဘေးကင်းဖို့ အတွက် အသက်လုပြီး ဆုတ်ခွာခဲ့ရတယ် ဆုတ်လာ အချိန်ထဲမှာ ရဲဘော် တစ်ဦးလည်း ဖမ်းခံခဲ့ရပါတယ်" ဟု ပြောဆိုသည်။

အဆိုပါ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ၏ စခန်းကို စီးနင်း သိမ်းခံရမှုကြောင့် ထိုစခန်းတွင် လက်လုပ်သေနတ်များ၊ လက်နက် ကြီး/ငယ်များ၊ ကျည်ဆန်များ၊ ဒုံးများ၊ ကွန်ပြူတာများ၊ ယူနီ ဖောင်းများ၊ လက်လုပ် မိုင်းများ၊ လက်လုပ် RPG များ အပါဝင် အရေးကြီး ပစ္စည်း အများအပြားကို ဆုံးရှုံးခဲ့ ရကြောင်း သိရသည်။

ယင်း ဆုံးရှုံးခဲ့ရသော ပစ္စည်းများသည် ပြည်သူလူထုများ ပူးပေါင်းလှူဒါန်း ထားသော ပစ္စည်းများ ဖြစ်တာကြောင့် မိမိတို့ တပ်သားတို့မှ မကာကွယ် နိုင်ခဲ့သဖြင့် အလှူရှင်များကို အနူးညွှတ် တောင်းပန်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

#mizzima

#ထားဝယ်ခရိုင်

#ကာကွယ်ရေးတပ်ဖွဲ့

#စီးနင်းခံရ

#ဖမ်းဆီးခံခဲ့ရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required