တရုတ်၏ကြီးထွားလာသော အရှိန်အဝါက အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်နေ

တရုတ်၏ကြီးထွားလာသော အရှိန်အဝါက အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်နေ

တရုတ်နိုင်ငံ၏ ကြီးထွားလာသော အရှိန်အဝါက လက်ရှိအင်အားကြီးနိုင်ငံ အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှု အပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသလို အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

“တရုတ်ဟာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သလို စစ်အင်အားကလည်း တတိယမြောက် နေရာမှာရှိနေပြီး ၂၁ ရာစုမှာ ဗိုလ်ကျစိုးမိုးမှုအရှိဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒါဟာ လက်ရှိအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုကို စိန်ခေါ်နေပါတယ်” ဟု အရှေ့တောင်အာရှလေ့လာရေးစင်တာ (CSEAS) အင်ဒိုနီးရှားက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှလေ့လာရေးစင်တာ (CSEAS) အင်ဒိုနီးရှားသည် ‘၁၀၁ နှစ်သက်တမ်းရှိ တရုတ်အာဏာရပါတီနှင့် ကမ္ဘာအတွက် သမိုင်းနှင့်စိန်ခေါ်မှုများ’ ခေါင်းစဉ်ဖြင့် နိုင်ငံတကာအွန်လိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁ ရက် ကျင်းပခဲ့သည်။ CSEAS က ၁၉၂၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် တည်ထောင်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည်နှင့် တစ်ထပ်တည်းကျသော ဇူလိုင် ၁ ရက်တွင် အစည်းအဝေးကျင်းပရန် စီစဉ်ခဲ့သည်။

ဆွေးနွေးသူများသည် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းအန္တရာယ်များကို ထုတ်ဖော် ပြောဆိုခဲ့ကြကာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကြောင့် ဖြစ်သောဂယက်ရိုက်ခတ်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

“တရုတ်က မြောက်ပိုင်းနာတူနပင်လယ်အတွင်းက အင်ဒိုနီးရှားရဲ့ သီးသန့်စီးပွားရေးဇုန် အစိတ်အပိုင်း တချို့အပါအဝင် တောင်တရုတ်ပင်လယ် (SCS) ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ၌ ၎င်း၏သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံဖြင့် ခါးပတ်လမ်းရပ်ဝန်းမှတစ်ဆင့် အင်ဒိုနီးရှား၊ အာဖရိက၊ ဥရောပနှင့် တောင်အမေရိကအပါအဝင် အာရှရှိ နိုင်ငံပေါင်း ၆၈ နိုင်ငံကျော်တွင် ၎င်း၏သြဇာအာဏာကို ချဲ့ထွင် လျက်ရှိသည်။

နိုင်ငံများအား မှီခိုသည့်နိုင်ငံများဖြစ်လာစေရန် တရုတ်က ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေများနှင့် ခရီးသွားများကို လက်နက်အဖြစ် အသုံးချသည်။

တရုတ်နိုင်ငံသည် ယခုအခါ နျူကလီးယားဗုံးများ၊ အသံထက်မြန်သော ဒုံးကျည်များနှင့် လေယာဉ်တင် သင်္ဘောများကို ပိုမိုထုတ်လုပ်နေကာ အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက် နေသလို အာရှတွင် လက်နက်ပြိုင်ဆိုင်မှုကို အရှိန်မြှင့်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်က နိုင်ငံများစွာကို ခြိမ်းခြောက် အနိုင်ကျင့်ပြီး နှောင့်ယှက်နေပါတယ်။ သူ့ကိုယ်သူယုံကြည်မှု လွန်ကဲလွန်းတဲ့တရုတ်ဟာ ထိုင်ဝမ်အနီးမှာ နေ့တိုင်း လေပိုင်နက်ကျူးကျော်တာတွေ စစ်သင်္ဘော တပ်ဖြန့်ထားတာတွေ လုပ်ဆောင်နေပြီး ခြိမ်းခြောက်နေပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required