MSPDF အဖွဲ့နှစ်ပတ်လည်နေ့တွင် MSPDF စခန်းအမှတ်(၃)ကို စစ်ကောင်စီတပ် ဝင်စီးကာ မီးရှို့ဖျက်ဆီး

MSPDF အဖွဲ့နှစ်ပတ်လည်နေ့တွင် MSPDF စခန်းအမှတ်(၃)ကို စစ်ကောင်စီတပ် ဝင်စီးကာ မီးရှို့ဖျက်ဆီး

 

ဇူလိုင်လ ၂ ရက်
 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် MSPDF ၏ နှစ်ပတ်လည်နေ့ဖြစ်သည့် ဇွန်လ ၂၉ ရက်တွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF၏ စခန်း (၃) ကို စစ်ကောင်စီတပ် အင်အား ၈၀ ဝန်းကျင်က စခန်းကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

“ဝင်စီးခံရတဲ့ရက်က အကိုတို့အဖွဲ့ရဲ့ နှစ်ပတ်လည်နေ့ဆိုတော့ ရဲ့ဘော်အကုန်လုံးက ပျော်ပျော်ရွှင်ရွှင် ကိုယ့် Camp လေးနဲ့ကိုယ် နှစ်ပတ်လည်ပွဲလေး ကျင်းပမယ်လို့စဥ်းစားထားတာ။ အဲ့အချိန် အဲ့ကောင်တွေက မော်တော်ယာဥ်တွေနဲ့ မနက် ၂ နာရီ ၃ နာရီလောက်မှာ Camp 3 ဘက်ကိုဦးတည်လာပြီး ဝင်စီးတာ” ဟု MSPDF အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ယင်း စခန်း (၃) မှာ မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာအနီးရှိ တောတစ်နေရာ၌ တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချောင်းဦးနယ်မှ တဆင့် မြောင်နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ပုံမှန် ကင်းတွေရှိပြီးသား။ အဲ့အချိန်မှာ သူတို့က မော်တော်ယာဥ်နှစ်စီးနဲ့  ရေကြောင်းကနေပြီးတော့ အရင်ဝင်လာတာ။ အဲလိုဝင်လာတာကို အကိုတို့ကင်းတွေက ဦးသွားလို့ လူတစ်ယောက်မှ အထိအခိုက်မရှိဘဲနဲ့ ဆုတ်ခွာနိုင်တယ်။ ဒါပေမဲ့ သူတို့မော်တော်နဲ့ Camp 3 ရှိတဲ့ဘက် ဦးတည်လာတဲ့အခါမှာ အကိုတို့က မိုင်းတွေဆင်ထားပြီးသား။ ဖောက်ခွဲရေးမိုင်းကို သုံးပွိုင့်ခွဲထားတဲ့ထဲ နှစ်ပွိုင့်မိသွားတယ်” ဟု MSPDF အဖွဲ့တာဝန်ခံက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဆင်ထားသည့် အဆိုပါမိုင်းတွင် စစ်ကောင်စီတပ်သား လေးဦးခန့် ထိမှန်ခဲ့ကြောင်းအဖွဲ့ဘက်က ဆိုသည်။ ထိခိုက်သေဆုံးမှုအခြေအနေအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

ထို့အပြင် စခန်းမီးရှို့ဖျက်ဆီးခံရ၍ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျည်အချို့၊ ဒရုန်းတစ်စင်းအပါအဝင် Natogyi Regional Defence Force မှ ကားတစ်စီးလည်း ဆုံးရှုံးခဲ့ကြောင်း လည်းထုတ်ပြန်ထားသည်။

ယင်းဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်မှာ ရွာချင်းဆက်ဖြစ်သည့် ရွှေပန်းနှင့် ရွှေပန်းကျွန်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်ကာ ဒေသခံ ၇၀ ကျော်ကို ဓားစာခံဖမ်းဆီးခဲ့ပြီး ရွှေပန်းကျေးရွာမှ ပြည်သူပိုင်နေအိမ် ၁၇ လုံးနှင့် ရွှေပန်းကျွန်းကျေးရွာမှ နေအိမ် တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly