ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် တရုတ်ခါးပတ်လမ်းရပ်ဝန်း၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို တားဆီးရန် အဓိက ဆွေးနွေး

ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် တရုတ်ခါးပတ်လမ်းရပ်ဝန်း၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို တားဆီးရန် အဓိက ဆွေးနွေး

ဂျာမနီတွင် ယခုနှစ် ကျင်းပသော ဂျီ-၇ ထိပ်သီးအစည်းအဝေးသည် တရုတ်ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို ရင်ဆိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းနှင့် ရေတပ်နှင့် စစ်ရေးဆိုင်ရာအစီအစဉ်များတွင် ဖြစ်ပေါ်တိုးတက်မှုများစွာဖြင့် ကမ္ဘာကိုလွှမ်းမိုးမည့်တရုတ်ကို တန်ပြန်ရန်ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကမ္ဘာလုံး ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (PGII) ဟုခေါ်သည့် ဂျီ-၇ ၏ ပဏာမခြေလှမ်းသစ်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ မတည်မည့်အစီအစဉ်ကို ထိပ်သီးအစည်းအဝေး ပထမနေ့တွင် ကြေညာခဲ့သည်ဟု အယ်လီနာဝမ်က Vision Times တွင် ရေးသားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က အမေရိကန်နှင့်၎င်း၏ အနောက် မဟာမိတ် များသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသာ တရုတ်နိုင်ငံကို ဦးတည်သွားမည်ဟု ထိပ်သီးစည်းဝေးပွဲ ပထမနေ့ တွင် သတိပေးခဲ့ပြီးနောက် ဘိုင်ဒင်၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျီ-၇ ပဏာမခြေလှမ်းသစ်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအားဖြင့် ကြီးထွားလာနေသော တရုတ်၏ စစ်ရေး စွမ်းရည်နှင့် စီးပွားရေးလုပ်ငန်းများကို တားဆီးရန် ရည်ရွယ်ထားကြောင်း အယ်လီနာက သတင်းတွင် ဖော်ပြ ထားသည်။

“တရားမျှတပြီး လူတိုင်း သဘောတူတဲ့ စည်းမျဉ်းစည်းကမ်းတွေဘက်ကနေ ရပ်တည်သွားမှာပါ။ ဒီစည်းမျဉ်းတွေကို တရုတ်အနေနဲ့လိုက်နာပြီး တာဝန်ခံမှုရှိစေဖို့ စိတ်တူကိုယ်တူ မဟာမိတ်တွေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားချင်ပါတယ်” ဟု ဆူလီဗန်ကပြောသည်။

ဂျီ-၇ မိတ်ဖက်မျာနှင့်အတူ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများအတွက် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ မတည်ရန် ရည်ရွယ်သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုနှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့ပြီး ပြင်သစ်၊ ဂျာမနီနှင့်အီတလီတို့မှ ဥရောပခေါင်းဆောင်များနှင့်အတူ မဟာမိတ်များဖြစ်သည့် ကနေဒါ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly