တရုတ်စားသောက်ဆိုင်တွင် တိုက်ခိုက်ခံရသည့် ဖြစ်ရပ်က အမျိုးသမီးများ၏ သနားစဖွယ်အခြေအနေကို ဖော်ပြနေ

တရုတ်စားသောက်ဆိုင်တွင် တိုက်ခိုက်ခံရသည့် ဖြစ်ရပ်က အမျိုးသမီးများ၏ သနားစဖွယ်အခြေအနေကို ဖော်ပြနေ

တရုတ်နိုင်ငံ တန်ရှန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မကြာသေးမီက အမျိုးသမီးတစ်စုတိုက်ခိုက်ခံရမှုသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ သနားစဖွယ်အခြေအနေကို ပြန်လည် သတိထားမိလာစေကြောင်း Geneva Daily သတင်းဝက်ဘ်ဆိုက်ဖော်ပြသည်။

အသားကင်စားသောက်ဆိုင်တစ်ဆိုင်မှ ဗီဒီယိုမှတ်တမ်းများအရ ဇွန်လ ၁၀ ရက်က အမျိုးသားတစ်ဦးသည် စားပွဲတွင်ထိုင်နေသော အမျိုးသမီးတစ်စုထံသို့ ချဉ်းကပ်သွားခဲ့ပြီး တစ်ဦး၏ကျောပေါ် လက်တင်ခဲ့သည်။ အမျိုးသမီးက ၎င်းလက်ကို ဖယ်ချလိုက်သည့်အခါ အဆိုပါအမျိုးသားက သူမအား လက်ဖြင့်ရိုက်၍ ဆံပင်ကိုဆွဲကိုင်ပြီး လမ်းဘက်သို့ ဒရွတ်တိုက်ခေါ်သွားခဲ့သည်။ တခြားအမျိုးသားများကလည်း အမျိုးသမီး၏ အပေါင်းအပါများကို
ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

မျက်မြင်များက အဆိုပါဖြစ်ရပ်ကို ရဲထံ ချက်ချင်းအကြောင်းကြားခဲ့သော်လည်း ၎င်းဗီဒီယိုဖိုင် အင်တာနက်၌ ပျံ့နှံ့သွားပြီးနောက် ၁၅ နာရီကြာမှသာ ရဲများက သံသယရှိသူများကိုဖမ်းရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ရိုက်နှက်ခံထားရသည့် အမျိုးသမီးများအနက် ၂ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသနေရသည်ဟု တာဝန်ရှိသူများက ယခုသီတင်းပတ်၌ ပြောသည်။

ထိုဖြစ်ရပ်ကြောင့် လူမှုမီဒီယာပေါ်၌ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး ရဲများသည် တိုင်းပြည်တွင်းမှ အမျိုးသမီးများကို ကာကွယ်ရန် လုံလောက်သောအရင်းအမြစ်များ မထောက်ပံ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန်ပြောဆိုကြသည်။

တရုတ်နိုင်ငံသည် အမျိုးသမီးဝါဒီလှုပ်ရှားမှုများအတွက် ရန်လိုသည့်နေရာဖြစ်လာနေပြီး ပြည်သူများက ထိုဝါဒကို ထောက်ခံသည့် အမျိုးသမီးများကို ရန်မူလွန်းပြီး အစွန်းရောက်သူများအဖြစ်ပင် ယူဆကြသည်။ နိုင်ငံအတွင်း လိင်ခွဲခြားဆက်ဆံ၍ မိန်းမများကို မုန်းတီးသည့် ပြဿနာများရှိနေသည်ဟု ခြင်းခုံကြသော ဆောင်းပါးများကို တရုတ်ဆင်ဆာအဖွဲ့က ဖယ်ရှားခဲ့ကြသည်။

မကြာသေးမီက တန်ရှန်းမြို့မှတိုက်ခိုက်မှုဖြစ်ရပ်သည် အလွန်ဆိုးရွားသောကြောင့် ရှုံ့ချမှုများစွာခံခဲ့ရကြောင်း တရုတ်အမျိုးသမီးအများအပြားက ပြောဆိုကြသည်။ သို့သော် နိုင်ငံတွင်းရှိ အမျိုးသမီးများသည် နေ့စဉ်လိုလို ထိုကဲ့သို့သော အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။

တရုတ်နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သည် လုံးဝချေမှုန်းပစ်ရမည့် ဆိုးရွားသောပြစ်မှုဖြစ်သည်ဟု မသတ်မှတ်နိုင်ခင်အချိန်အထိ ယင်းဖြစ်ရပ်များသည် အချိန်အတော်ကြာသည်အထိ ရှိနေနိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly