ယူကရိန်းပဋိပက္ခတွင် ရုရှားကို ထောက်ပံ့သော တရုတ်နှင့်ပါကစ္စတန်ကုမ္ပဏီများအား အမေရိကန်က အမည်ပျက်စာရင်းသွင်း

ယူကရိန်းပဋိပက္ခတွင် ရုရှားကို ထောက်ပံ့သော တရုတ်နှင့်ပါကစ္စတန်ကုမ္ပဏီများအား အမေရိကန်က အမည်ပျက်စာရင်းသွင်း

ယူကရိန်း ပဋိပက္ခ၌ ရုရှားကို ပံ့ပိုးပေးမှုအတွက် တရုတ်နှင့် ပါကစ္စတန်နိုင်ငံမှ ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၃၆ ခုကို အမေရိကန်က ဇွန် ၂၈ ရက်တွင် အမည်ပျက်စာရင်းသွင်းလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ရုရှား၏ စစ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာစက်မှု အခြေစိုက်စခန်းများကို ပံ့ပိုးပေးသည့် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၅ ခုကို ကုန်သွယ်မှုအမည်ပျက်စာရင်း၌ ထည့်သွင်းခဲ့သည်။

ရုရှား၊ ယူအေအီး၊ လစ်သူယေးနီးယား၊ ပါကစ္စတန်၊ စင်ကာပူ၊ ဗြိတိန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်စသည့် နိုင်ငံများမှ အခြားသော အဖွဲ့အစည်း ၃၁ ခုကိုလည်း အမည်ပျက်စာရင်းသို့ ထည့်သွင်းလိုက်ကြောင်း အမေရိကန် အစိုးရ၏ဖက်ဒရယ်မှတ်တမ်းအရ သိရသည်။ ကုမ္ပဏီပေါင်း ၃၆ ခုအနက် ၂၅ ခုသည် တရုတ်နိုင်ငံ အခြေစိုက်လုပ်ငန်းလည်ပတ်မှုများ ရှိကြောင်း Al Jazeera က ဖော်ပြသည်။

ယင်းကုမ္ပဏီများသည် ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုမတိုင်မီ ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည့်အပြင် ရုရှားစာရင်းဝင် ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့များကို ဆက်လက်ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုထားကြောင်း အမည်ပျက်စာရင်းကို ကြီးကြပ်သည့် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောကြားခဲ့သည်။

“ရုရှားကို ထောက်ပံ့ဖို့ ကြိုးပမ်းမယ်ဆိုရင် အမေရိကန်က အဆက်အသွယ်ဖြတ်မယ်ဆိုတာကို ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းကို ဒီကနေ့ ပြင်းထန်တဲ့ သတင်းစကားပါးလိုက်တာပါ” ဟု စက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး လက်ထောက်ဝန်ကြီး အယ်လန် အက်စတီဗက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမည်ပျက်စာရင်းကြောင့် အမေရိကန်ပေးသွင်းသူများသည် ၎င်းတို့ပစ္စည်းများကို ထိုနိုင်ငံများသို့မတင်ပို့မီ ကုန်သွယ်ရေးဌာနလိုင်စင်ရယူရမည်ဖြစ်သည်။

ရုရှားစစ်တပ်ကို အကူအညီပေးသည်ဟု စွပ်စွဲခံထားရသော တရုတ်ကုမ္ပဏီ ၃ ခုမှာ Connec Electronic Ltd၊ ဟောင်ကောင်အခြေစိုက် World Jetta၊ Logistics Limited နှင့် တခြားကုမ္ပဏီ၂ ခုမှာ King Pai Technology Co, Ltd နှင့် Winninc Electronic တို့ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး အဆိုပါကုမ္ပဏီများကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိကြောင်း Geo News ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly