စစ်ကောင်စီထောက်ပို့ယာဉ်ကို KNDF မှ ကြားဖြတ်တိုက်ခိုက်မှု တပ်ရေးဗိုလ်အပါအဝင် ၄ ဦး သေ

စစ်ကောင်စီထောက်ပို့ယာဉ်ကို KNDF မှ ကြားဖြတ်တိုက်ခိုက်မှု တပ်ရေးဗိုလ်အပါအဝင် ၄ ဦး သေ

ဇူလိုင်လ ၁ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတလမ်းမကြီးပေါ်တွင် စစ်ကောင်စီထောက်ပို့ယာဉ်တစ်စီးကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းကကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရေးဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား နှစ်ဦး စုစုပေါင်းလေးဦး သေဆုံးသွားကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနှင့် ဓာတ်ဦးပွင့်ဘုန်ကြီးကျောင်းကြားလမ်းမပေါ် လုံခြုံရေးကင်း လှည့်နေစဉ် စစ်တပ်ထောက်ပို့ကားတစ်စီးနှင့်ထိပ်တိုက်တွေ့ရာ မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါသူ လေးဦးလုံးသေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူ တပ်ရေးဗိုလ်ကိုင်ဆောင်သော ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၂ တောင့် နှင့်အတူ ဖုန်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ကာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားရာအနီးသို့ စစ်ကောင်စီတပ်၏ လောပိတအခြေစိုက် အမှတ်(၇၂)တပ်ရင်းမှ လက် နက်ကြီးများပစ်ခတ်ခဲ့ရာ လေးအိမ်စုကျေးရွာအတွင်း လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံးထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အကျအဆုံးများနေပြီး နယ်မြေစိုးမိုးမှုအားနည်းလာ၍ ရိက္ခာ ထောက်ပို့ကားများသည်လည်း လမ်းခုလတ်တွင် ကာကွယ်ရေးတပ်သားများ၏တိုက်ခိုက်မှုကို မကြာခဏ ခံနေရသည်။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ရွာနှင့် လောကျေခူရွာသစ်ကျေးရွာ ကြား၌ စစ်ကောင်စီ၏ထောက်ပို့ယာဉ်တန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးကာ စစ်ကားလေးစီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ထိုသို့မြေပြင်တွင် အထိနာနေသဖြင့် စစ်ကောင်စီဘက်က ကရင်နီဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly