ဝီဂါများအပေါ် တရုတ်၏နှိပ်စက်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးမည်

By The Print
28 June 2022
ဝီဂါများအပေါ် တရုတ်၏နှိပ်စက်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးမည်

ရှင်ကျန်းဒေသရှိ ဝီဂါနှင့် အခြားသော တာကစ်မွတ်စလင်များအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာမှုကို ဆန့်ကျင်သည့်အနေဖြင့် ရှေ့နေအဖွဲ့တစ်ဖွဲ့က အခြေခံအဆင့်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ သက်သေအသစ်များ တင်ပြလိုက်သည်။

တိုင်းရင်းသားလူနည်းစုများသည် အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးခြင်း၊ အဓမ္မအလုပ်ခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ်သားကြောဖြတ်ခြင်း၊ ကလေးများကို မိဘနှင့်ခွဲထုတ်ခြင်းနှင့် လူနည်းစု ယဉ်ကျေးမှုကို ဖျက်ဆီးခြင်း အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုကို ခံစားနေရသောကြောင့် တရုတ်နိုင်ငံသည် လူမှု အသိုက်အဝန်းအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အဓိကတရားခံဖြစ်ကြောင်း globalsecurity.org ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဝီဂါများကို တရုတ်သို့ အတင်းအကျပ် ပြန်ပို့ရန် ICC အဖွဲ့ဝင်နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ထိန်းသိမ်းထားသည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုသက်သေအသစ်များကို အဝေးရောက်ဝီဂါများကို ကိုယ်စားပြုသည့် ရှေ့နေများက ICC သို့ ဇွန် ၂၀ ရက်က တင်ပြခဲ့ကြသည်။

“ သူတို့ကို ထိန်းသိမ်းရေးစခန်းတွေဆီ ပြန်ပို့တာဟာ အလွန်ပဲ စိတ်ထိခိုက်စရာကောင်းပါတယ်” ဟု ရှေ့နေအဖွဲ့ခေါင်းဆောင် ရိုနီဒီဆင်က VOA သို့ ပို့သည့် အီးမေးလ်တွင်ရေးသားထားသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က ပထမဆုံးအကြိမ် သက်သေတင်ပြပြီးနောက်ပိုင်း ယခုသက်သေသည် ဥပဒေအဖွဲ့က ICC သို့ တတိယအကြိမ်တင်ပြသည့် အမှုတွဲဖြစ်သည်။

ပထမအကြိမ် သက်သေတင်ပြစဉ်က စွပ်စွဲချက်များသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် တရားရုံးသည် အမှုကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း ICC ရှေ့နေများက ပြောကြားခဲ့သည်။

ICC သို့ နောက်ဆုံးတင်သွင်းသည့် သက်သေအထောက်အထားများတွင် ကိုယ်တွေ့သက်သေတစ်ဦး၏ အထောက်အထားများပါဝင်ပြီး ၎င်းသည် ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံမှ ပြန်လည်မလွတ်မြောက်မီက တရုတ်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရကာ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံထားရပြီး စစ်ဆေးမေးမြန်းခြင်းနှင့်
ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်ဟု ရှေ့နေများကို ကိုးကား၍ globalsecurity.org မှ ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်အစိုးရသည် အိမ်နီးချင်း တာဂျစ္စတန်ကဲ့သို့သော ICC နိုင်ငံများအပါအဝင် ပြည်ပမှ ဝီဂါနှင့် တာကစ်လူမျိုးများကို စုစည်းပြီး တရုတ်သို့ အတင်းအကျပ်ပြန်ပို့သည့် မူဝါဒတစ်ခုကို အကောင်အထည်ဖော်နေကြောင်း ဤအချက်က သက်သေပြနေသည်ဟု ဥပဒေအဖွဲ့က ပြောသည်။

လူ့အခွင့်အရေးကာကွယ်သူများအပါအဝင် ဝီဂါ ၁ ၅၀၀ ထက်မနည်းသည် ထိန်းသိမ်းခံရခြင်း သို့မဟုတ် တရုတ်နိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ခံနေရပြီး ထောင်သွင်းအကျဉ်းချခြင်းနှင့် ထိန်းသိမ်းခံရစဉ် နှိပ်စက်ခံရခြင်းများ ကြုံတွေ့နေရကြောင်း သုတေသနက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly