မြောင်နယ်၌ မြစ်ရေတက်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယာခင်းများကူညီရိတ်သိမ်းပေး

မြောင်နယ်၌ မြစ်ရေတက်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယာခင်းများကူညီရိတ်သိမ်းပေး

ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြစ်ရေတက်၍ နေရာတချို့တွင် ရေကြီးရေလျှံလျှက်ရှိရာ ဒေသခံတောင်သူများ ယာခင်းရိတ်သိမ်းရန်အခက်ကြုံနေကြသဖြင့် Myaung Women Worriers အဖွဲ့မှ ကူညီကာရိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင်များမှာ ဇွန်လ ၂၀ ရက်မှစ၍ ငါးရက်ဆက်တိုက် ရေကူး၍လည်းကောင်း၊ လှေဖြင့်လည်းကောင်း ခက်ခက်ခဲခဲသွားလာကာ တောင်သူများအတွက် ယာခင်းများကို ကူညီရိတ်သိမ်းပေးခဲ့ကြသည်။ လယ်ဧက ရှစ်ဧကနီးပါး ရိတ်သိမ်းပြီးစီးခဲ့ကြောင်း Myaung Women Worriers အဖွဲ့ဝင်က ပြောပြသည်။

“ဒီနှစ်ကတော့ ချင်းတွင်းမြစ်က ရေတက်မြန်တဲ့အတွက် အခင်း(ယာခင်း)တွေက ရိတ်သိမ်းချိန်မတိုင်ဘဲနဲ့ ရေတွေမြုပ်ကုန်တာတွေရှိတယ်။ ကျွန်မတို့ M2W အဖွဲ့ဝင် ၁၂ ယောက်လောက်ကနေပြီးတော့ တောင်သူတွေကို ကူပြီး ရိတ်သိမ်းပေးခဲ့ပါတယ်။ အဓိကကတော့ နှမ်းတွေပေါ့။ ကျွန်မတို့ကတော့ တောင်သူတွေကို အကုန်လုံးကူညီတဲ့အတွက် လုပ်အားခလည်းမယူတော့ ဒီကျေးရွာက တောင်သူတွေ လုပ်အားခဖိုးလည်း သက်သာသွားတော့ သူတို့ကလည်း ကျေးဇူးတင်တာပေါ့နော့” ဟု Myaung Women Worriers အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ကျေးရွာပေါင်း ၈၆ ရွာဖြင့်ဖွဲ့စည်းထားသည့် မြောင်နယ်မှာ ပထဝီဝင်အနေအထားအရ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားတည်ရှိ၍ မိုးရာသီရောက်လျှင် မြစ်နှင့်နီးကပ်သည့် ကျေးရွာများမှာ ရေတက်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင် ပုံမှန်ရေတက်ချိန်ထက်စော၍ မြစ်ရေတက်လာသည့်အတွက် ဒေသခံများအခက်ကြုံနေရခြင်း ဖြစ်သည်။

“လောလောဆယ် ၄၆ ရွာပါ၊ ဒါက ပုံမှန်ရေတက်ချိန်မရောက်သေးပါဘူး၊ ပုံမှန်ရေတက်ချိန်ရောက်ရင် ဒါထက် ၁၀ ရွာလောက် တိုးလာအုံးမှာပါ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

လက်ရှိချိန်ထိ မြစ်ရေမှာ ဆက်လက်တိုးလာနေဆဲဖြစ်ကာ မြောင်နယ်အတွင်း သွားရေးလာရေး၌ စက်လှေများကိုသာ အဓိကအသုံးပြုနေကြရသည်။ ဒေသခံရေဘေးသင့်ပြည်သူများအတွက်လည်း လိုအပ်သည့် စားစရာနှင့် ဆေးဝါးများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ပို့ဆောင်ပေးလျှက်ရှိပြီး ကူညီထောက်ပံ့မှုများလည်း များစွာထပ်မံလိုအပ်လျှက်ရှိသည်။

ထို့အပြင် မကြာမီကြုံတွေ့လာမည့် စစ်ကောင်စီတပ်နှင့် ရေကြောင်းတိုက်ပွဲများအတွက်လည်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကြိုတင်ပြင်ဆင်ထားရသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။

#mizzima
#မြောင်မြို့နယ်
#မြစ်ရေတက်ချိန် 
#ကာကွယ်ရေးတပ်ဖွဲ့
#ကြိုတင်ပြင်ဆင်ထား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly