ကျုံပျော်တွင် မီတာမဆောင်သူများကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်

ကျုံပျော်တွင် မီတာမဆောင်သူများကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်

ဇွန်လ ၂၈ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများမှ မီတာမဆောင်သူများကို အစည်းအဝေးခေါ် ယူကာ ဇွန်လ ၂၆ ရက်နေ့က ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မီတာမဆောင်သူများကို စစ်ကောင်စီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းများက အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီမှ မဲများကိုနည်းလမ်း ပေါင်းစုံဖြင့်လိမ်ယူခဲ့ကြောင်း၊ PDF များ၏ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးမှုများကြောင့် မီးပုံမှန်မလာခြင်းဖြစ်ကြောင်း စသည့်စကားများကို ကျုံပျော်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးကပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြန်ပြောသည်။

" စစ်ကောင်စီမှာ ပစ်မှတ်အတိအကျ ချိန်ပြီးပစ်နိုင်တဲ့ ဒုံးကျည်တွေရှိတယ်။ စစ်ကောင်စီက တိုင်းပြည်ကိုစေတနာထား အုပ်ချုပ်နေတဲ့အတွက် မိမိတို့သုံးစွဲထားတဲ့ လျှပ်စစ်မီတာခများကို ပေးဆောင်ဖို့ အဲ့ဒီအစည်းအဝေးမှာပြောတယ်။ မဆီမဆိုင် NLD မကောင်း​ကြောင်းတွေနဲ့ PDF တွေကို အပုပ်ချတာတွေကိုလည်း လိမ်ညာပြီးပြောတယ်။အခုတော့ စစ်ကောင်စီနဲ့ ထွေအုပ်က အစည်းအဝေးခေါ်တာကို EPC က သူတို့ကို အကြောင်းမကြားဘဲ ဘောင်ကျော်လုပ်တယ်ဆိုပြီး ကတောက်ကဆ ဖြစ်နေတယ်လို့ကြားတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီတပ်သားများသည် အစည်းအဝေး ခန်းမအပြင်ဘက်တွင် လက်နက်များနှင့် စောင့်ကြပ်နေခဲ့သည်ဟု ဆိုသည်။

ကျုံပျော်မြို့တွင် စစ်အုပ်စုမှ မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း မီတာခ ပေးဆောင်သူနည်းပါးခဲ့သော်လည်း လက်ရှိသူ မီတာခပေးဆောင်သူ ပြန်လည်များပြားလာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly