တက္ကဆက်တွင် လော်ရီကားအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ 

တက္ကဆက်တွင် လော်ရီကားအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ 
Photo - AFP

ဇွန် ၂၈

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ပြင်က လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားခဲ့သော လော်ရီကား၏ အတွင်းနှင့် ပတ်လည်တွင် ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦး၏ ရုပ်အလောင်းများကို တနင်္လာနေ့က တွေ့ရှိသည်။ 

စိတ်မချမ်းမြေ့ဖွယ်ရာ ယခု တွေ့ရှိမှုသည် အမေရိကန်၌ လတ်တလောနှစ်များအတွင်း ရွှေ့ပြောင်းဝင်ရောက်သူများ ပါဝင်သည့် အဆိုးဆုံးသော ဘေးဒုက္ခတစ်ရပ်ပဲ ဖြစ်သည်။ မက္ကဆီကိုနယ်စပ်မှ နာရီအနည်းငယ် ခရီးတွင်ရှိသော ယင်းမြို့မှာပင် လွန်ခဲ့သော ငါးနှစ်ခန့်က အလားတူ လူသေဆုံးသည့် ဖြစ်ရပ်မျိုး ဖြစ်ပွားထားဖူးသည်။ 

“ခုချိန်ထိတော့ လုပ်ငန်းစဉ်ဆောင်ရွက်နေရာမှာ ရုပ်အလောင်း ၄၆ လောင်းကို တွေ့ရှိပါတယ်၊ မသေဘဲ ကျန်ရစ်ပြီး အသက်ရှင်ဖို့ အလားအလာရှိတဲ့ အရေးကြီးလူနာတွေကို ဦးစားပေး ကုသနေပါတယ်၊ သေဆုံးသူတွေကိုလည်း ခွဲခြားထားပါတယ်”ဟု ဆန်အန်တိုနီယို မီးသတ်အကြီးအကဲ ချားလ် ဟုဒ်က သတင်းထောက်များအား ပြောသည်။ 

အရွယ်ရောက်ပြီးသူ ၁၂ ဦးနှင့် ကလေး လေးဦးပါဝင်သည့် အသက်ရှင်ပြီး သတိရှိနေသေးသူ ၁၆ ဦးကို ဆေးရုံသို့ တင်ပို့ထားကြောင်း ၎င်းက ပြောသည်။ 

ယခု သေဆုံးသူများ၏ အသက်နှင့် နိုင်ငံသားဖြစ်မှုကို ကနဦး အသေးစိတ် မရရှိသေးပေ။ 

“ကျွန်တော်တို့ မြင်ခဲ့ရတဲ့ လူနာတွေဟာ စမ်းကြည့်ရင် ကိုယ်ပူနေကြတယ်၊ သူတို့တွေ အပူရှပ်တာတွေ၊ အပူလွန်တာတွေ ခံစားနေရတာ ဖြစ်တယ်၊ ယာဉ်ထဲမှာ ရေလည်း မတွေ့ဘူး၊ ဒီ လော်ရီကားကတော့ အအေးစက်ပါတဲ့ လော်ရီကားပေမယ့် စက်က အလုပ်လုပ်ပုံ မရဘူး”ဟု ချားလ် ဟုဒ်က ဆိုသည်။ 

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး လူသုံးဦးကို ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ပြောသည်။ 

“ဒီညမှာ ကျွန်တော်တို့ဟာ ကြောက်လန့်ခြောက်ခြားဖွယ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ရပါတယ်”ဟု ဆန်အန်တိုနီယို မြို့တော်ဝန် ရွန် နီရန်ဘတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“ဒါကြောင့် ခင်ဗျားတို့ အားလုံးအနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ တွေးပြီးတော့ သေဆုံးသူတွေ၊ ဖျားနာသူတွေနဲ့ မိသားစုတွေအတွက် ဆုတောင်းပေးကြပါ”ဟု ၎င်းက ဆိုသည်။ 

“ပြီးတော့ ခုလို လူမဆန်တဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်ဆောင်သူတွေကို ဥပဒေရှိသလောက် အရေးယူသွားဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required