ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် ဘီယာဖာ ၇၀ ကျော်ကို ဖျက်ဆီး

By မေဘယ်လ်သူ
28 June 2022
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် ဘီယာဖာ ၇၀ ကျော်ကို ဖျက်ဆီး

ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် ဘီယာဖာ ၇၀ ကျော်အား ဖျက်ဆီး ခဲ့ကြောင်း ရွှေဘိုခရိုင်အခြေစိုက် SNAKE EYES PDFအဖွဲ့မှ ဇွန်လ ၂၇ ရက်ကထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် Adman Gold ဘီယာဖာ(၇၀) တင်ဆောင်လာသော Light Truck တစ်စီးကို SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့ အစည်းများ၊ ဒေသခံ(ပ.က.ဖ)အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟုသိရသည်။

အချိုရည်ဖာများကဲ့သို့အသွင်ဆောင်ကာ သယ်ဆောင်လာသူယာဉ်မောင်းအား နောက်နောင် သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်းမပြုရန်သတိပေး၍ ယာဉ်နှင့်တစ်ပါတည်းပြန်လွှတ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသခံ(ပ.က.ဖ)အဖွဲ့အစည်းများမှ ပဏာမသတိပေးခြင်းအနေဖြင့် ဖျက်ဆီး ခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာနှင့် ဒဂုံဘီယာများ ရောင်းချနေသည့်ဆိုင်ကိုလည်း အဆိုပါထုတ်ကုန်များ နှစ်ပတ်အတွင်းဖယ်ရှားရန် Special Fighting Force နှင့် ရွှေဘိုမြေပြင်သတင်းအဖွဲ့မှ ဇွန်လ ၂၆ ရက်က သတိပေးထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ရွှေဘိုမြို့နယ်

#အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်

#SNAKE_EYES_PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly