တရုတ်သည် အကြီးမားဆုံး လုံခြုံရေးစိုးရိမ်စရာဖြစ်ကြောင်း ဩစတြေးလျ ဒုဝန်ကြီးချုပ် ပြောကြား

By NDTV
26 June 2022
တရုတ်သည် အကြီးမားဆုံး လုံခြုံရေးစိုးရိမ်စရာဖြစ်ကြောင်း ဩစတြေးလျ ဒုဝန်ကြီးချုပ် ပြောကြား

တရုတ်က ကမ္ဘာကို ယခင်ကနှင့် မတူညီသည့် ပုံစံဖြင့် ပုံသွင်းရန် ကြိုးပမ်းနေချိန်တွင် တရုတ်သည် ဩစတြေးလျ အတွက် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာဖြစ်ကြောင်း ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ရစ်ချက် မာလီးစ်က ဇွန် ၂၃ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယသို့ လေးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း မာလီးစ်က အိန္ဒိယသည်လည်း အလားတူ လုံခြုံရေး စိုးရိမ်မှုများရှိကြောင်းနှင့် ဩစတြေးလျသည် လာဒက် အရှေ့ပိုင်းတွင် တရုတ်နှင့် နယ်နိမိတ်ပြဿနာများ ရှိနေခြင်းကြောင့် နယူးဒေလီနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျဝန်ကြီးက တရုတ်နှင့် ရုရှားအကြား ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာ နေခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းသည် ဒေသတွင်းအတွက် သက်ရောက်မှုများ ရှိနိုင်သည်ဟု အကြံပြုခဲ့သည်။

ဩစတြေးလျကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် မာလီးစ်က အိန္ဒိယကို ဩစတြေးလျ၏ ကမ္ဘာ့အမြင်တွင် “ဗဟိုအချက်အချာ” အဖြစ် ရှုမြင်ထားခြင်းကြောင့် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများ တိုးချဲ့ရန် ဩစတြေးလျနှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် အခိုင်အမာ ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

'ဩစတြေးလျနဲ့ အိန္ဒိယအတွက် တရုတ်က အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပါတယ်။ ဩစတြေးလျအတွက် တရုတ်က လုံခြုံရေးအရ အကြီးမားဆုံးစိုးရိမ်ပူပန်မှုစရာဖြစ်ပြီး အိန္ဒိယအတွက်လဲ အလားတူ ပင်ဖြစ်ပါတယ်' ဟု ၎င်းက ပြောကြားခဲ့သည်။

ဩစတြေးလျနှင့် အိန္ဒိယတို့သည် စီးပွားရေးအရသာမက ကာကွယ်ရေးကဏ္ဍတွင်လည်း ဆက်ဆံရေး တည်ဆောက်ရန် နီးကပ်စွာအတူတကွလုပ်ဆောင်နေကြောင်း မာလီးစ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က လာဒက်ခ်အရှေ့ပိုင်းရှိ ဂွါဝမ်တောင်ကြားတိုက်ပွဲများကို ရည်ညွှန်းပြီး ဩစတြေးလျ ဒုတိယဝန်ကြီးချုပ်က ဩစတြေးလျသည် အိန္ဒိယနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေကြောင်း ပြောကြား ခဲ့သည်။

တရုတ်နှင့် ရုရှား ကာကွယ်ရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအား ရည်ညွှန်းပြီး ယင်း၏ အကျိုးသက် ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly