ပုလောမြို့နယ်၌ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက စစ်ဆေးစရာရှိဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား

By ကိုရွှေမြိတ်
26 June 2022
ပုလောမြို့နယ်၌ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက စစ်ဆေးစရာရှိဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား

ပုလော၊ဇွန်လ(၂၆)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ခရေပင်လမ်းတွင် အိမ်ဆောက်ပစ္စည်းများ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ရှင် အမျိုးသမီး တစ်ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ က စစ်ဆေးမေးမြန်း စရာရှိဟု ဆိုကာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံများထံမှ သိရ သည်။

ဖမ်းဆီး ခံရသည့် ဆိုင်ရှင် အမျိုးသမီးမှာ မသီရိရွှေဝင်း ဆိုသူ ဖြစ်ပြီး ၎င်း သည် ပုလောမြို့ပေါ်တွင် သီရိရွှေဝင်း အမည်ဖြင့် အိမ်ဆောက် ပစ္စည်းများနှင့် ကုန်မာဆိုင် ဖွင့်လှစ် ရောင်းချနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြော သည်။

ပုလောမြို့ ဒေသခံ တစ်ဦးက“စစ်တပ်က စရဖနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့ လာဖမ်း သွားတာပါ၊ ဘာကြောင့် ဖမ်းမှန်းလဲ မသိဘူး အခုချိန် အထိ ပြန်မလွတ် သေးဘူး ဖြစ်တယ်”ဟု ပြော သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုလောမြို့ပေါ်တွင် ကုန်စုံဆိုင် ပိုင်ရှင် ငါးဦးကို စစ်ကောင်စီ တပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရ သည်။

“ပုလောမှာ အခုဆိုရင် မကြာခဏ ဖမ်းဆီးမှုတွေက ရှိနေပါတယ်၊ ဘာကြောင့် ဖမ်းနေမှန်းလဲ မသိဘူး၊ အခု နောက်ပိုင်း ဖမ်းခံရတဲ့ လူတွေ ငွေကြေး ပြည့်စုံတဲ့ သူတွေကို ရွေးပြီး ဖမ်းတာ ပိုများလာတယ်” လို့ ပုလောမြို့ အမှတ် (၁) ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြော သည်။

ထိုကြောင့် ပုလောမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများက ဖမ်းဆီးခံရ သည့် ငွေကြေးတတ်နိုင်သူများကို စစ်ကောင်စီက ငွေကျပ် သိန်းရာချီတောင်းပြီး ပြန်လည် ရွေးယူခိုင်းကာ လွှတ်ပေးသူများလည်း ရှိနေကြောင်း ဒေသခံ သတင်း အရင်းမြစ်များထံမှ သိရသည်။

#mizzima

#ပုလောမြို့နယ်

#ဖမ်းဆီးခေါ်ဆောင်သွား

#အိမ်ဆောက်ပစ္စည်းများ

#ငွေကြေးတတ်နိုင်သူများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required