ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံရသည့် ၄၆နှစ်မြောက်နေ့ အကြိုသပိတ်ပြုလုပ်

ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံရသည့် ၄၆နှစ်မြောက်နေ့ အကြိုသပိတ်ပြုလုပ်

ဇွန်လ ၂၅ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ယနေ့ ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံရခြင်း (၄၆) နှစ်ပြည့်နေ့ အကြိုအဖြစ် သပိတ်မှောက် ဆန္ဒပြကြသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ခုနှစ်ဝန်းကျင် ကျောင်းသားဘဝကတည်းက ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၇၀ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုကို တက်ကြွစွာပြုလုပ်ခဲ့သူ ဖြစ်သည်။

ဦးသန့် အရေးအခင်း အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ လူထုဆန္ဒပြပွဲများနှင့် မြေအောက်လှုပ်ရှားမှု လူထုတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ၎င်းအား မဆလအစိုးရက ၁၉၇၆ခုနှစ် မတ်လ၂၂ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးမခံရမီတွင် ၎င်းသည် ၁၉၇၆ခုနှစ်မတ်လ၂၃ရက်နေ့တွင် ကျင်းပမည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရာပြည့်အရေးအခင်း ဖြစ်မြောက်ရန်အတွင် ကြိုးစားနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ခုနှစ်ဧပြီလ ၁၂ရက်နေ့တွင် မဆလအစိုးရက သေဒဏ်စီရင်ချက်ချမှတ်ခဲ့ပြီးနောက် ဇွန်လ၂၆ရက်နေ့ နံနက်ပိုင်းတွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသူဖြစ်သည်။

ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်တက္ကသိုလ် ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

လက်ရှိအချိန်ထိ ဆလိုင်းတင်မောင်ဦးသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတွင် ပထမဆုံးနှင့် နောက်ဆုံး ကြိုးပေးခံခဲ့ရသော အာဇာနည် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရပြီး ၄၆ နှစ်ကျော်အကြာတွင်လည်း မြန်မာနိုင်ငံသည် စစ်တပ်၏အာဏာသိမ်းမှုကိုခံထားရဆဲဖြစ်သည်။

လက်ရှိအချိန်ထိ စစ်တပ်သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကိုတရားဥပဒေမဲ့ ဖမ်းဆီးထောင်ချ သတ်ဖြတ်ခြင်းများအပြင် သေဒဏ်ပေးခြင်းများကိုလည်းဆောင်ရွက်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly