လောင်းလုံးမှာ ဒေသခံများကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား

By ကိုရွှေမြိတ်
24 June 2022
လောင်းလုံးမှာ ဒေသခံများကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား

လောင်းလုံး၊ဇွန်လ(၂၄)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာမှ ဒေသခံ တစ်ဆယ်ကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခြင်း ခံရသည့် ဒေသခံ ၁၁ ဦးသည် ညောပြင်ရွာနှင့် စစ်ပြဲရွာတို့က ဒေသခံများ ဖြစ်ကြပြီး စစ်ကောင်စီ တပ်ဖွဲ့က အလိုရှိသူများကို ဖမ်းဆီးရန် ရောက်ရှိလာစဉ် မတွေ့၍ ၎င်းတို့ကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် အကြောင်းပြချက် မရှိဘဲ နေရာအသီးသီးတွင် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

လောင်းလုံးမြို့နေ ဒေသခံ တစ်ဦးက "လောင်းလုံးမှာ စစ်တပ်က ကုန်းလမ်းရော ရေလမ်းတွေပါ ဝင်လာပြီး အခြေရှုပ် နေတာပါ ရွာခံတွေကိုလည်း မတရား ဖမ်းသွား ကြတယ်၊ နောက်ပြီး ကိုယ်အိမ်ထဲ စစ်တပ်က ဘယ်ချိန် ဝင်လာမလဲ ဆိုတာ အမြဲတွေးရင်း စိုးရိမ်နေကြရတယ်"ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် အမျိုးသမီး တစ်ဦးသည် ရွာရှိ ဘုန်းကြီးကျောင်းတွင် ဆွမ်းဟင်းချက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က စစ်ကား ငါးစီးဖြင့် အင်အားအများအပြားသုံးကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့သည့် ဒေသခံ ၁၁ ဦးကို လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၃၈ ဦးထက်မနည်း မတရားဖမ်းဆီး ခံထားရ၍ သေနတ်ဖြစ် ပစ်ခတ်ခံရသူ ခြောက်ဦးခန့်ထိ ရှိလာပြီး သုံးဦး သေဆုံး သုံးဦး ဒဏ်ရာရှိခဲ့ကာ နှလုံးရောဂါနှင့် တစ်ဦး သေဆုံး၍ နေအိမ်များလည်း မီးရှို့ဖျက်ခံခဲ့ရ သည်။

#mizzima

#ထားဝယ်ခရိုင်

#အကြောင်းမဲ့

# မတရားဖမ်းဆီး

# စိုးရိမ်နေကြရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly