ဂျီ-၇ နှင့် နေတိုးအဖွဲ့ ခေါင်းဆောင်များက တရုတ်ကိုပစ်မှတ်ထားကာ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးမည်

By Channel News Asia
23 June 2022
ဂျီ-၇ နှင့် နေတိုးအဖွဲ့ ခေါင်းဆောင်များက တရုတ်ကိုပစ်မှတ်ထားကာ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးမည်

ချမ်းသာကြွယ်ဝသော ဒီမိုကရေစီနိုင်ငံ ၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် နေတိုး မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့်ပတ်သက်သော ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အလေးထားကာ ယူကရိန်းကိုကျူးကျော်သည့် ရုရှားအပေါ် ဖိအားများ တိုးမြှင့်ရန် လာမည့်သီတင်းပတ်တွင် လုပ်ဆောင် သွားမည်ဟု အမေရိကန်အကြီးတန်းအရာရှိများက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်သည် မက်ဒရစ် ထိပ်သီးစည်းဝေးပွဲသို့မသွားမီ ဂျာမနီတောင်ပိုင်းရှိ အခြား ဂျီ-၇ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဇွန်လ ၁၈ ရက်က နိုင်ငံမှ ထွက်ခွာခဲ့သည်။

မက်ဒရစ်ထိပ်သီးစည်းဝေးပွဲ၌ NATO သည် ဥရောပ အရှေ့ပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များ တိုးချဲ့ရန် အစီအစဉ်များကို ကြေညာဖွယ် ရှိသလို အမေရိကန်ကလည်း ဥရောပလုံခြုံရေးကို အားကောင်းစေရန် ခြေလှမ်းများ ချမှတ်မည်ဖြစ်သည်။

နေတိုးမဟာမိတ်အဖွဲံ ထိပ်သီးအစည်းအဝေးတွင် သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့မှ ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် ပါဝင်မှုလာခြင်းသည် ယူကရိန်းစစ်ပွဲကြောင့် တရုတ်နိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အာရုံစိုက်မှုကို လျော့ကျမသွားကြောင်း ပြသရန် ရည်ရွယ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ မြူးနစ်မြို့တောင်ဘက် တစ်နာရီကြာမောင်းရသည့် အယ်လ်ပိုင်းရဲတိုက်တွင် တွေ့ဆုံမည့် ဂျီ-၇ အုပ်စု ခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း ပိုမိုပြင်းထန်လာသော တရုတ်၏ အကျပ်ကိုင်သော စီးပွားရေးအလေ့အထများကို ဖြေရှင်းမည်ဟု မျှော်လင့်ရသည်။

“ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်က ကမ္ဘာတစ်လွှားက ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံမှုကို ပိုအား ကောင်းစေခဲ့ပါတယ်။ ယူကရိန်းအရေးအခင်းက တရုတ်အပေါ် ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုကို မလျော့သွား စေခဲ့ဘူးဆိုတာကို ပြသနေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန် ၂၉ ရက်မှ ၃၀ ရက်အထိ မက်ဒရစ်၌ တွေ့ဆုံချိန်တွင် နေတိုးမဟာမိတ်အဖွဲ့ ခေါင်းဆောင်များက အတည်ပြုမည့် မဟာဗျူဟာ အယူအဆသစ်သည် ရုရှား၏ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သလို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံအရေးလည်း ပါဝင်မည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ယခုနှစ် ဂျီ-၇ ကို ဦးဆောင်သည့် ဂျာမနီသည် အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆီနီဂေါနှင့် တောင်အာဖရိက တို့ကို ထိပ်သီးအစည်းအဝေးများတွင် ပါဝင်ရန် ဖိတ်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly