ရှောင်တာနဲလ်ကို အကျဉ်းထောင်တွင်း တရားရုံး၌ ပြောင်းရွှေ့စစ်ဆေးမည်ဟု ဆို

ရှောင်တာနဲလ်ကို အကျဉ်းထောင်တွင်း တရားရုံး၌ ပြောင်းရွှေ့စစ်ဆေးမည်ဟု ဆို

ဇွန် ၂၃

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ်၏ အမှုကို နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခုအတွင်း အထူးတရားရုံးတစ်ခု၌ ပြောင်းရွှေ့စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ဇွန်လ ၂၂ ရက်တွင် ပြောသည်။

ရှောင်တာနဲလ်သည် မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၎င်းသည် ယမန်နှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

၎င်းသည် နိုင်ငံ၏ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံထားရပြီး ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုသည် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ ထောင်နှင့်ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများအပြားမှာ လျှို့ဝှက် အမှုစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရပြီး ယင်းသည် နိုင်ငံရေးအရ အရင်းခံမှုအဖြစ် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ရှုတ်ချထားသည်။

ရှောင်တာနဲလ်နှင့် ပူးတွဲတရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစောပိုင်းက နေပြည်တော်ရှိ ခြံဝန်းတစ်ခုထဲရှိ အထူးတရားရုံးတစ်ခု၌ အပတ်စဉ် အမှုစစ်ဆေးကြားနာမှုများကို ရင်ဆိုင်ထားခဲ့ရသည်။

သို့သော် နှစ်ဦးစလုံးသည် ကြာသပတေးနေ့တွင် နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးတစ်ခု၌ အမှုရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကို ၎င်းက မပြောခဲ့ပေ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်တောင်းခံရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အခြားသော အမှုများအတွက် ကြားနာမှုများကို အဆိုပါ တူညီသော အကျဉ်းထောင်တွင်း တရားရုံးသို့ ရွှေ့ပြောင်းထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက အင်္ဂါနေ့က အေအက်ဖ်ပီကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမကို အများဆုံးထောင်ဒဏ် နှစ် ၁၅၀ အထိ ချမှတ်နိုင်သည့် အမှုများနှင့် ရင်ဆိုင်နေရသည်။

ရှောင်တာနဲလ် ကျူးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အများသို့ ထုတ်ဖော်ထားခြင်း မရှိသော်လည်း စစ်အုပ်စုထိန်းချုပ်သည့် နိုင်ငံပိုင်ရုပ်သံက ထုတ်ဖော်ရာတွင် ၎င်းသည် ‘လျှို့ဝှက် အစိုးရ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ’ ကို ရရှိထားခဲ့ကြောင်းနှင့် နိုင်ငံကနေ ထွက်ပြေးရန် ကြိုးပမ်းထားခဲ့ကြောင်း ပြောထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ၎င်း၏ တရားရုံး အမှုစစ်ဆေးမှုတွင် ဩစတြေးလျသံရုံး တာဝန်ရှိသူများ ဝင်ခွင့်ပိတ်ပင်ခံရပြီးနောက် ရှောင်တာနဲလ်အပေါ် တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားသည်။

ယမန်နှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တာနဲလ်သည် ဘီဘီစီနှင့် တယ်လီဖုန်းအင်တာဗျူးတစ်ခု ဖြေကြားပေးနေစဉ်မှာပင် ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ခုပဲ လာဖမ်းသွားပြီ။ ဖြစ်ကောင်းဖြစ်နိုင်တာက တစ်ခုခုနဲ့ တရားစွဲနိုင်တာပါပဲ။ ဘယ်လို စွဲချက်ဖြစ်မလဲ ကျွန်တော် မသိပါဘူး။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်” ဟု ရှောင်တာနဲလ်က ယင်းအချိန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required