တီးတိန်မြို့နယ်တွင် ကားတစ်စီး ချောက်ထဲကျ၍ ၂ဦးသေဆုံး၊ ၆ဦးဒဏ်ရာရ

တီးတိန်မြို့နယ်တွင် ကားတစ်စီး ချောက်ထဲကျ၍ ၂ဦးသေဆုံး၊ ၆ဦးဒဏ်ရာရ

ဇွန် ၂၃

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် ဇွန်လ ၂၀ရက်နေ့က တုန်းဇန်ကျေးရွာမှ ကလေးမြို့ဘက်သို့ ဆင်းလာသည့် ခရီးသည် ရှစ်ဦးပါ ဒိုင်နာကားတစ်စီး ချောက်ထဲကျသဖြင့် နှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အဆိုပါဒိုင်နာကားသည် တီးတိန်-ကလေး လမ်းပိုင်းတွင် ကားမတော်တဆဖြစ်ကာ လမ်းဘေးမီတာ၂၀၀ကျော်အနက်သို့ ကျရောက်သွားရာ ကားပေါ်ကလိုက်ပါလာသည့် ခရီးသည် ရှစ်ဦးကို ကုတင် ၁၀၀ဆံ့ တီးတိန်ပြည်သူ့ဆေးရုံတွင် Zomi Youth Association(ZYA) က ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သည့် လူနာလေးဦးကို ကလေးမြို့ပြည်သူ့ဆေးရုံသို့ လူနာလွှဲတာကြောင့် ည ၉နာရီခန့်တွင် ပို့ဆောင်ပေးနေစဉ် ဆိုဇန်ကျေးရွာအရောက်၌ လူနာ ဦးထန်ခေါကျင့်တွောင် ကွယ်လွန်သွားကြောင်း ကူညီပေးနေသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ကျန်ရှိနေသည့်လူနာ သုံးဦးသည် ကလေးမြို့ကို နံနက် ၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိပြီး ထိုသုံးဦးထဲမှ ဦးတွာလ်ဇမ်း ကို မန္တလေးဆေးရုံသို့ လူနာထပ်မံလွှဲခဲ့ရာ ပို့ဆောင်ပေးနေစဉ် ဇွန်လ ၂၁ရက်နေ့က လမ်းခရီးတစ်နေရာတွင် ကွယ်လွန်သွားသည်ဟု ဆိုသည်။ တစ်ခြားလူနာခြောက်ဦးသည် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အခြေအနေကောင်းမွန်လာကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရသိသည်။

#mizzima

#တီးတိန်မြို့နယ်

#ကားတစ်စီးချောက်ထဲကျ

#ကွယ်လွန်သွား

#အခြေအနေကောင်းမွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required