ဘီလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးကေစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ဘီလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးကေစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ဇွန် ၂၃

KNU တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လေးကေစခန်းကို KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

အဆိုပါ လေးကေစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ လေးကေစခန်းထဲမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောထားသည်။

ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲရာတွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ် နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

"အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ်။ သူ့မှာ နှစ်လအရွယ်ကလေးငယ်လေးလည်း ရှိနေတော့ စိုးရိမ်ရတာပေါ့၊ လက်နက်ကြီးက ရွာထဲမှာ သုံးလုံးပေါက်ကွဲတယ်၊ အိမ်ကတော့ နှစ်လုံးထိတာပေါ့။ တစ်ခြားထိခိုက်တာတွေလည်းရှိသေးတယ်" ဟု မင်းစောကျေးရွာ ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းစောကျေးရွာတွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ်ရှိ နော်မာသက်၏ ညာဖက်ခြေခုံအား လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်း၏နေအိမ်နှင့် နောက်ထပ်တစ်ယောက်၏ နေအိမ်မှာလည်း လက်နက်ကြီးစ ထိမှန်ခဲ့သည်။

ဘီလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝင်းတာပန်စခန်းနှင့် လေးကေ စခန်းနှစ်ခု သုံးရက်အတွင်း အမြန်ဆုံးဆုတ်ခွာပေးရန် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO က ဧပြီလ ၂၀ ရက်နေ့တွင် သတိပေးလိုက်ပြီးနောက် ထိုဒေသတွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ တပ်မဟာ ခုနစ်ခုလုံးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး လစဉ်တိုက်ပွဲပေါင်း ရာနှင့်ချီ ဖြစ်ပွားနေကြောင်း KNU ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

#mizzima

#ကရင်အမျိုးသားအစည်းအရုံး

#လေးကေစစ်စခန်း

#စစ်ကောင်စီ

#တစ်ကျော့ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly