မြောင်းမြတွင် စစ်ကောင်စီက ပိုက်ဆံပေး၍ တပ်သားသစ် စုဆောင်းနေရာ ဝင်ရောက်သူ မရှိ

မြောင်းမြတွင် စစ်ကောင်စီက ပိုက်ဆံပေး၍ တပ်သားသစ် စုဆောင်းနေရာ ဝင်ရောက်သူ မရှိ

ဇွန် ၂၁

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် စစ်ကောင်စီက ငွေကြေးအများအပြား အသုံးပြုကာ တပ်သားသစ်စုဆောင်းနေသော်လည်း ဝင်ရောက်သူလိုသူ မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောင်းမြမြို့အဝင် စစ်ဆေးရေးဂိတ်များဖြစ်သည့် ကွယ်လွယ်စစ်ဆေးရေးဂိတ်၊ မြို့ဦးကျောင်းစစ်ဆေးရေးဂိတ်နှင့် အောင်ဆန်းလမ်းရှိ တပ်သားစုဆောင်းရေးရုံးတွင် စစ်ကောင်စီတပ်သားအဖြစ် ဝင်ရောက်လိုသူတွေကို ကျပ် ၁၀သိန်းနှင့် ဆန်တစ်အိတ်ပေးမည်ဟုဆိုကာ စုဆောင်းနေလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော့်ဆန်စက်က အလုပ်သမားတွေကို ကွယ်လွယ်ဂိတ်က အစောင့်တွေက တပ်ထဲဝင်ဖို့ ဆွယ်တယ်လို့ပြောတယ်၊ ဆယ်သိန်းရမယ် ဆန်တစ်အိမ်ရမယ်ပေါ့ အခုထိတော့ ဘယ်သူမှ ဝင်တာမတွေ့ဘူး၊ တပ်သားသစ်စုဆောင်းနေပေးနေသူတွေကိုလည်း တစ်ယောက်ရရင် ၁၅သိန်းပေးမယ်လို့တော့ သတင်းတွေတွေ့တာပဲ တကယ်ရမရတော့ အခုထိ ဝင်တဲ့သူရယ်လို့ မတွေ့လို့ မသိဘူး”ဟု မြောင်းမြမြို့ရှိ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တပ်သားသစ်စုဆောင်းမှုကို စစ်မှုထမ်းဟောင်းအဖွဲ့ မိသားစုဝင်များနှင့် စစ်ကောင်စီနဲ့ ပူးပေါင်းနေသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ကာ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“စစ်မှုထမ်းဟောင်းဝင်းထဲမှာနေတဲ့ ကရင်မသားဆိုတဲ့ ကောင်လေးလိုက်ပြီးတော့ စည်းရုံးနေတာကိုတွေ့တယ်၊ သူကိုယ်တိုင်ကျတော့ မဝင်ဘဲနဲ့ လိုက်ပြီးတော့ စည်းရုံးနေတာ၊ တစ်ယောက်ရရင် သူလည်း ၁၅သိန်းရမယ်ဆိုပြီးတော့ ပြောတော့ပြောတာပဲ၊ အခုထိ တစ်ယောက်မှ မရသေးတော့ တကယ် ၁၅သိန်းလားဆိုတာ ဘယ်သူမှ မသိပါဘူး၊ ဝင်မဲ့သူမှ မရှိတာ အချုပ်ကျနေတဲ့ သူတွေကိုတောင် လိုက်ပြီးတော့ စည်းရုံးသေးတယ်လို့ ကြားတယ် ဒါကတော့ သေချာမသိလို့ မှန်မမှန် မပြောနိုင်ဘူး”ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

မြောင်းမြမြို့နယ် ကဝက်ကျေးရွာတိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ကျေးရွာရာအိမ်မှူး ဆယ်အိမ်မှူးများမှတစ်ဆင့် စည်းရုံးမှုများ ရှိနေပြီး ပြည်သူ့စစ်သင်တန်းပြီးဆုံးပါက လစဉ်ထောက်ပံ့ကြေး ပေးမည်ဟုဆိုကာ စည်းရုံးမှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။

#mizzima

#မြောင်းမြမြို့နယ်

#တပ်သားသစ်စုဆောင်း

#ငွေကြေးအများအပြား

#ဝင်ရောက်သူလိုသူမရှိ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required