ပါကစ္စတန်အစိုးရက ဂီဂစ်-ဘော်လ်တီစတန်ဒေသအတွက် ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ထက်ဝက် လျှော့ချခဲ့ဟု ဆို

By Dawn
19 June 2022
ပါကစ္စတန်အစိုးရက ဂီဂစ်-ဘော်လ်တီစတန်ဒေသအတွက် ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ထက်ဝက် လျှော့ချခဲ့ဟု ဆို

ပါကစ္စတန်ဗဟိုအစိုးရသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဂီဂစ်-ဘော်လ်တီစတန်ဒေသ၏ ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ထက်ဝက်နီးပါးအထိ တမင်တကာ လျှော့ချပစ်ခဲ့ကြောင်း ထိုဒေသ၏ ဝန်ကြီးချုပ် ခါလစ် ခါရှစ်ဒ် ခန်းက ဇွန် ၁၂ ရက်တွင် ထုတ်ဖော် စွပ်စွဲလိုက်သည်။ ယင်းသည် ဗဟိုအစိုးရဘက်က “ဒေသကို မတိုးတက်စေရန် ရည်ရွယ်သည့် အစီအစဉ်တစ်ခုအောက်တွင်” လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခါရှစ်ဒ် ခန်းက ပြောသည်။

ဂီဂစ်-ဘော်လ်တီစတန်ဒေသ၏ ဝန်ကြီးချုပ် ခါရှစ်ဒ် ခန်းသည် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ (PTI) ၏ မူရတ်ဒ် ဆိုင်အိဒ် ၊ အလီ အေမင် ဂန်ဒါပူရ် တို့နှင့်အတူ အစ္စလမ်မာဘတ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောကြားခဲ့ပြီး လက်ရှိ ဗဟိုအစိုးရသည် ၎င်းတို့ဒေသ၏ ဖွံ့ဖြိုးရေး ဘတ်ဂျက်ကို ၅၀ ရာခိုင်နှုန်း လျှော့ချပြီး ရူပီး ၂၃ ဘီလီယံသာ ချထားပေးသည်ဟု ပြောခဲ့သည်။

ယခင် PTI ပါတီ ဦးဆောင်သော ဖက်ဒရယ်အစိုးရသည် ၎င်းတို့ ဒေသအစိုးရကို စုစုပေါင်း ရူပီး ၄၇ ဘီလီယံအထိ ချပေးခဲ့ကြောင်းနှင့် ယင်းတို့အနက် ရူပီး ၃၂ ဘီလီယံကို ထပ်တလဲလဲ ပါနေကျ ခေါင်းစဉ်အောက်တွင် ချပေးခဲ့ခြင်း ဖြစ်ပြီး ကျန် ရူပီး ၁၅ ဘီလီယံကို ထပ်တိုး ခွင့်ပြုမှုအဖြစ် ချပေးခဲ့ခြင်း ဖြစ်ကြောင်း ခါရှစ်ဒ် ခန်းက ရှင်းလင်း ပြောဆိုသည်။

၎င်းတို့ ဒေသအစိုးရအနေဖြင့် ရူပီး ၄၇ ဘီလီယံဖြင့် လစာငွေများနှင့် အခြား အသုံးစရိတ်များကို ဖြည့်ဆည်းနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့သည်ဟု ခါရှစ်ဒ် ခန်းက ပြောသည်။

“ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ဟာ သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ လူသား အရင်းအမြစ်လုပ်နိုင်စွမ်း တည်ဆောက်မှု ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက်
ဖြည့်ဆည်းသုံးစွဲဖို့ ရင်းမြစ်တွေ မရှိတော့ပါဘူး” ဟု ဂီဂစ်-ဘော်လ်တီစတန်ဒေသ၏ ဝန်ကြီးချုပ် ခါရှစ်ဒ် ခန်းက ပြောသည်။

နိုင်ငံတွင် အီမရန် ခန်း ဦးဆောင်သော အစိုးရ အာဏာရခဲ့ချိန် ဂီဂစ်-ဘော်လ်တီစတန်ဒေသအတွက် ဘဏ္ဍာငွေ ခွဲဝေချထားပေးသည့် ပမာဏက ပထမဆုံးအကြိမ်အဖြစ် ရူပီး ဘီလီယံများနှင့်ချီအထိ ရောက်ရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ပြီးခဲ့သည့်ကာလအတွင်း အများပြည်သူကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ် အစုစုအတွက် ဘဏ္ဍာငွေပမာဏက ရူပီး ၂ ဘီလီယံ ဖြစ်ခဲ့ပြီး ယင်းကို အီမရန် ခန်းက ရူပီး ၁၀ ဘီလီယံအထိ တိုးမြှင့်ပေးခဲ့ သည်ဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly