ကုလလူ့အခွင့်အရေးမဟာမင်းကြီးက တရုတ်ခရီးစဉ်၌ ကန့်သတ်မှုများကြုံတွေ့ခဲ့ရကြောင်း ဝန်ခံ

ကုလလူ့အခွင့်အရေးမဟာမင်းကြီးက တရုတ်ခရီးစဉ်၌ ကန့်သတ်မှုများကြုံတွေ့ခဲ့ရကြောင်း ဝန်ခံ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီချဲလ်ဘက်ချလက်သည် ထိန်းသိမ်းခံဝီဂါများထံ မသွားရောက်နိုင်ခဲ့ကြောင်းနှင့် ရှင်ကျန်းသို့သွားစဉ် တရုတ်အာဏာပိုင်များက လိုက်ပါခဲ့ကြောင်း ဇွန် ၁၅ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ရာ သူမ၏ခရီးစဉ်ကို လွှမ်းမိုးသည့် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် မေးခွန်းထုတ်စရာများဖြစ်လာသည်။

“ခရီးစဉ်အတွင်းမှာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါတွေ သူတို့မိသားစုဝင်တွေနဲ့ စကားပြောခွင့်မရခဲ့ပါဘူး။ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် တရုတ်ကိုသွားတဲ့အခါမှာ ကန့်သတ်ချက်တွေနဲ့ ကြုံခဲ့ရပါတယ်” ဟု ဘက်ချလက်က လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ ပြောကြားခဲ့သည်။

“အဓိကဝန်ကြီးဌာတွေ၊ တရားစီရင်ရေး၊ စီးပွားရေး၊ ပညာရပ်ဆိုင်ရာနဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြီးတန်းအဖွဲ့ဝင်တွေ စတဲ့ ကျွန်မတွေ့ဖို့ တောင်းဆိုခဲ့တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဖို့ တရုတ်အစိုးရက ကူညီခဲ့ပါတယ်။ ဒီခရီးက စုံစမ်းစစ်ဆေးမှုလုပ်တဲ့ ခရီးစဉ်မဟုတ်ပါဘူး” ဟု ဘက်ချလက်က ဆိုသည်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည့် ဘက်ချလက်၏ တရုတ်ခရီးစဉ်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

တရုတ်အစိုးရက သတ်မှတ်ထားသော အခြေအနေများသည် လူ့အခွင့်အရေးပတ်ဝန်းကျင်ကို လွတ်လွတ်လပ်လပ် အကဲဖြတ်ခွင့်မရသောကြောင့် ဘက်ချလက်၏ခရီးစဉ်အပေါ် တရုတ်အစိုးရ၏ ထိန်းချုပ်ကို အမေရိကန်က စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောခဲ့သည်။

အခွင့်အရေးပြဿနာများသည် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ပဋိပက္ခအခြေအနေအဖြစ်သို့ ဖြစ်စေခဲ့သည်။ ကုမ္ပဏီများသည် ထုတ်ကုန်များကို အဓမ္မခိုင်းသောလုပ်အားဖြင့် မပြုလုပ်ကြောင်း သက်သေမပြနိုင်ပါက အမေရိကန်သည် ဝီဂါများအား အဓမ္မစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေအရ ရှင်ကျန်းမှ သွင်းကုန်များကို ဇွန် ၂၁ ရက်မှစ၍ တားမြစ်သွားမည်ဖြစ်သည်။

တရုတ်က အဆိုပါဥပဒေကို ပယ်ဖျက်ရန် အမေရိကန်ကို တောင်းဆိုထားပြီး ရှင်ကျန်းနှင့်တခြားနေရာများတွင် အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို အမြဲတမ်းငြင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required