ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ရေကြီးမှုများကြောင့် လူ ၄၁ ဦး သေဆုံးပြီး သန်းနှင့်ချီကာ သောင်တင်နေ 

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ရေကြီးမှုများကြောင့် လူ ၄၁ ဦး သေဆုံးပြီး သန်းနှင့်ချီကာ သောင်တင်နေ 
Photo - AFP

ဇွန် ၁၈

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် မုတ်သုံမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးသည့်အပြင် ပျက်စီးမှုဖြစ်စေသော ရေကြီးရေလွှမ်းမိုးမှုများကြောင့် သန်းနှင့်ချီကာ သောင်တင်လျက်ရှိကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောသည်။ 

မြေနိမ့်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးမှုများက ပြည်သူသန်းပေါင်းများစွာအတွက် ပုံမှန်ခြိမ်းခြောက်မှု ဖြစ်နေသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးမှု အကြိမ်ရေ များပြားလာရသကဲ့သို့ ပြင်းထန်ပြီး မခန့်မှန်းနိုင်အောင် ဖြစ်ရကြောင်း ပညာရှင်များက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆက်မပြတ်ရွာသွန်းသော မိုးကြောင့် ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်း တစ်နံတစ်လျားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီး အိမ်ထောင်စုမိသားစုများကို ဘေးလွတ်ရာရွေ့ပြောင်းကယ်ထုတ်ရေးအတွက် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားသည်။ 

မြစ်ရေများ ရုတ်ခြည်းလျှံတက်ခြင်းကြောင့် ကျေးရွာသူရွာသားများက စာသင်ကျောင်းများကို ခိုလှုံရာအဖြစ် အသုံးပြုကြရသည်။ 

“သောကြာနေ့အစောပိုင်းမှာ တစ်ရွာလုံး ရေလွှမ်းသွားတယ်၊ ကျွန်တော်တို့အားလုံး သောင်တင်နေရတယ်”ဟု ကွန်ပါနီဂန်းကျေးရွာတွင် မိသားစုလိုက်နေထိုင်သူ လော့မန်းက ပြောသည်။ 

“ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်မှာ တစ်နေ့လုံး စောင့်နေခဲ့တဲ့နောက်မှာ အိမ်နီးချင်းတစ်ဦးက မရှိသုံး လှေတစ်စင်းနဲ့ ကျွန်တော်တို့ကို လာကယ်ထုတ်တယ်၊ ကျွန်တော့်အမေကတောင် ပြောတယ်၊ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလို ရေကြီးတာမျိုး မမြင်ဖူးဘူးဆိုပြီးတော့”ဟု အသက် ၂၃ နှစ်အရွယ် လော့မန်းက ဆိုသည်။ 

မုန်တိုင်းအတွင်း မိုးကြိုးပစ်ခြင်းများကြောင့် သောကြာနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၂၁ ဦး သေဆုံးရခြင်းဖြစ်ကာ မြေပြိုမှုများကြောင့် နောက်ထပ် လေးဦး သေဆုံးခြင်း ဖြစ်သည်။ 

အိန္ဒိယအစွန်အဖျား မီဂါလာယာပြည်နယ်တွင် ကြာသပတေးနေ့မှစတင်ပြီး လူအနည်းဆုံး ၁၆ ဦး သေဆုံးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆန်ဂမာက တွစ်တာတွင် ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required