ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ပြီး ၃ ဦး သေဆုံး

By လွှမ်းမိုး
17 June 2022
ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ပြီး ၃ ဦး သေဆုံး

ဇွန် ၁၇

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခန့်တွင် လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါပစ်ခတ်မှုတွင် ပျူစောထီးသုံးဦးသေဆုံးပြီး စစ်သားလေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Aung San Force (A. S. F) အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကို AK က ဆိုသည်။

“ဇီးဖြူကုန်းဆိုတာ ပျူစောထီးနဲ့စစ်သားတွေ နေထိုင်တပ်စွဲနေတဲ့ ရွာပါ။ အဲဒီရွာကို မနေ့ မနက်ပိုင်းက ၆ဝ မမ၊ ၄ဝ မမ လက်နက်ကြီး အလုံး ၂၀ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သတင်းသိရသလောက်တော့ ပျူစောထီးသုံးကောင်သေတယ်၊ စစ်သားလေးဦးကတော့ နေ့လားညလားဘဝကူးသွားနိုင်တဲ့ အခြေ အနေ မျိုးရှိနေတယ်ဗျ” ဟု ကို AK က ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အားအဆမတန်သုံး၍ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးမှုများပြုလုပ်နေခြင်း ကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ပုလဲ၊ ကနီနှင့် မင်းကင်းမြို့နယ်များ၌ နေရာအနှံ့အပြားတွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ဆက်သွယ်ရေးအခက်အခဲများရှိနေကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ပုလဲမြို့နယ်

#ဇီးဖြူကုန်းကျေးရွာ

#စစ်ကြောင်းထိုး

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required