ကျောက်စိမ်းတင်လာသော စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကားတစ်စီးပျက်စီး

16 June 2022
ကျောက်စိမ်းတင်လာသော စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကားတစ်စီးပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးတွင် ကျောက်စိမ်းများတင်လာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရကာ စစ်ကားတစ်စီးပျက်ဆီးခဲ့ကြောင်း တကောင်း PDF မှ သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့မှ ကျောက်စိမ်းများတင်လာသည့် စစ်ကား ၆၅ စီးပါယာဉ်တန်းကို တကောင်းမြို့တောင်ဘက် ငါးမိုင်အကွာ ဆင်ညှပ်ကုန်းရွာဝင်ပေါက်၊ သဲကျင်းအနီးတွင် ဇွန်လ ၁၅ ရက် ညနေ ၃နာရီ ၄၈ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၆၅ စီးပါ စစ်ကောင်စီယာဉ်တန်းအနက် အစီး ၂၀ မြောက်ကားကို တကောင်း PDFက မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

" မိုင်းသုံးလုံးဆွဲတာ ကားအကြီးတစ်စီးထိသွားတယ်။ ကားကမီးလောင်ပျက်စီးသွားတယ်။ အနည်းဆုံး သုံးယောက်လောက် သေနိုင်တယ်လို့ ပြည်သူတွေက သတင်းပို့တယ်။ မိုင်းသုံးလုံးဆိုတော့ သေချာပေါက် ထိနိုင်တယ်။ အဲ့ဒီယာဉ်တန်းမှာ အင်တော်ဘက်မှာ မိုင်းထိပြီး ဒဏ်ရာရတဲ့သူတွေလည်းပါတယ် " ဟု တကောင်း PDF တပ်ဖွဲ့ဝင်ကပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် PDF ရဲဘော်များကို မြင်သော်လည်း ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ မီးလောင်သည့်ကားကို ရှောင်ကွင်း၍ မောင်းသွားကြသည်ဟုဆိုသည်။

အဆိုပါမိုင်းဆွဲခံရသည့် စစ်ကောင်စီယာဉ်တန်းသည် ယနေ့တွင် ဇရပ်ကွင်းမြို့ကို ဖြတ်ကျော်သွားပြီး မီးလောင်ပျက်စီးသည့်ကားကို တွဲကားများဖြင့် သယ်ဆောင်သွားသည်ဟုသိရသည်။

ဆင်ညှပ်ကုန်းဝင်ပေါက်၊ သဲကျင်းနားသို့ ပြည်သူများ အသွားအလာမပြုလုပ်ရန်၊ စစ်ကောင်စီ ယာဉ်တန်းများအနီး ကပ်လိုက်ခြင်းမပြုလုပ်ရန်နှင့် ကားလမ်းများကို အချိန်ကျော်လျှင် အသုံးမပြုကြရန် တကောင်း PDF ကသတိပေးထားသည်။

#ကျောက်စိမ်း

#စစ်ကောင်စီတပ်

#ယာဉ်တန်း

#မိုင်းဆွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly