Non CDM နှင့် စစ်ကောင်စီဘက်တော်သားများ၏ မြေယာများကိုပြန်လည်သိမ်းယူမည်ဟု CDF – Hakha Council ထုတ်ပြန်ကြေညာ

Non CDM နှင့် စစ်ကောင်စီဘက်တော်သားများ၏ မြေယာများကိုပြန်လည်သိမ်းယူမည်ဟု CDF – Hakha Council ထုတ်ပြန်ကြေညာ

ဇွန် ၁၆

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း မြေယာပိုင်ဆိုင်သူများသည် Non CDM နှင့် စစ်ကောင်စီထောက်ခံ အားပေးသူများဖြစ်ပါက ပြန်လည်သိမ်းယူပြီး လိုအပ်သည့်နေရာများတွင်အသုံးပြုမည်ဖြစ်ကြောင်း ချင်း ကာကွယ်ရေးတပ်ဖွဲ့ ဟားခါးကောင်စီ Chinland Defense Force–Hakha Council မှ ဇွန်လ ၁၅ ရက် နေ့က ကြေညာသည်။

မြို့ဧရိယာ၊ ရွာမြေဧရိယာ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သယံဇာတပစ္စည်းများနှင့်ပတ်သက်ပြီး အများပြည်သူများသိရှိစေရန် CDF – Hakha Council ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် အာဏာမသိမ်းမီကာလအတွင်း မြို့နယ်၊ ကျေးရွာအုပ်စုတာဝန်ရှိ သူများနှင့် အဖွဲ့ဝင်များဖြစ်ပါက လက်ရှိနေအိမ် ၊ အိမ်ဝိုင်းမြေနှင့်အိမ်ဝိုင်းတစ်ခုသာ ပိုင်ဆိုင်ခွင့်ရှိကြောင်း ယင်းနေရာတွင် လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေဖြစ်ပါက အထောက်အထားစာရွက် စာတမ်းများ ခိုင်မာပြည့်စုံစွာတင်ပြမှ အသိအမှတ်ပြုမည်ဖြစ်ကာ အထောက်အထားများ မတင်ပြနိုင်ပါက ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဆိုသည်။

တော်လှန်ရေးကာလအတွင်း သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေများနှင့် သစ်တောမြေမှမပယ်ဖျက်ရသေးသောမြေများကို တရားမဝင်ပေါင်နှံခြင်း၊ ရောင်းချ ခြင်း၊ ပေးကမ်းခြင်း၊ အငှားချထားခြင်းနှင့် အခြားနည်းများဖြင့် လွှဲပြောင်းခြင်းများမပြုလုပ်ရန်နှင့် ယခင် အာဏာမသိမ်းမီက အထောက်အထားစာရွက်စာတမ်းများကိုသာ အသိအမှတ်ပြုကြောင်းဖော်ပြထား သည်။

ဒေသခံများမှ ပိုင်ဆိုင်သည့်လယ်ယာမြေ၊ တောင်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို အမှန်တကယ်လုပ် ကိုင်သည့် မြေများနှင့် ပိုင်ဆိုင်သည့် အထောက်အထားပုံစံ၊ မြေပုံတွင် တရားဝင်ရှိသည်ကိုသာ ခွင့်ပြုမည် ဖြစ်ပြီး အထောက်အထားပုံစံ၊ မြေပုံတွင်မပါသည့်မြေများအားလုံးကို အလိုအလျောက်သိမ်းယူမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါအမိန့်ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိသည့် မည်သည့်အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်မဆို သက် ဆိုင်ရာဥပဒေများဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့နောက်ပိုင်းတွင် တရားမဝင်ပေါင်နှံခြင်း ၊ ရောင်းချခြင်း၊ ပေးကမ်း ခြင်း၊ အငှားချထားခြင်းနှင့် အခြားနည်းဖြင့်လွှဲပြောင်းခြင်းများ ပြုလုပ်ထားသော သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေများအားလုံး ဇွန်လ ၁၅ ရက်နေ့မှစ၍ ဩဂုတ်လ ၃၀ ရက်နေ့အတွင်း အထောက်အထားပြည့်စုံစွာဖြင့် ပေးပို့ရမည်ဖြစ်ပြီး တင်ပြလာခြင်းမရှိ သည့် မည်သည့်မြေမျိုးကိုမဆို အလိုအလျောက်သိမ်းယူပြီးဖြစ်ကြောင်း အသိပေးထားသည်။

တော်လှန်ရေးကာလအတွင်း တရားမျှတမှုရှိနိုင်ရန် ပြည်သူများမှလည်းပူးပေါင်း၍ အမိန့်ညွှန်ကြားချက် များနှင့်ပတ်သက်ပြီး ကျူးလွန်မှုများတွေ့ရှိပါက [email protected] သို့ တိုင်ကြားနိုင် ပြီး တိုင်ကြားသူများ၏ လုံခြုံရေးအား အာမခံကြောင်း CDF–Hakha Council ၏ ထုတ်ပြန်ကြေညာချက် တွင်ဖော်ပြထားသည်။

မေလ ၁ ရက်နေ့က ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများစုပေါင်း၍ CDF ဟားခါးကောင်စီကိုစတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလအတွင်း ၎င်း အဖွဲ့သည်သာ တရားဝင်အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာထားသည်။

#Mizzima

#ချင်းပြည်နယ်

#ဟားခါးမြို့နယ်

#CDF–HakhaCouncil

#မြေယာ

#ပြန်လည်သိမ်းယူမည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required