Internet Explorer ကို အပြီးတိုင် အနားပေးလိုက်သည့် Microsoft

Internet Explorer ကို အပြီးတိုင် အနားပေးလိုက်သည့် Microsoft

ဇွန်လ ၁၅ ရက်

နည်းပညာကုမ္ပဏီကြီး Microsoft သည် ယင်း၏ အမွေအနှစ် ဝက်ဘ်ဘရောက်ဆာ ဖြစ်သည့် Internet Explorer ကို ဇွန်လ ၁၅ ရက်တွင် အပြီးတိုင် ရပ်ဆိုင်းအနားပေးပြီ ဖြစ်သည်။

Microsoft သည် နှစ်သက်တမ်း ၂၇ နှစ်ကြာ ရှိပြီဖြစ်သည့် သက်တမ်းကြာမြင့်နေသော ဆော့ဝဲကနေ တစ်ဖြည်းဖြည်းချင်း ရွှေ့ပြောင်းထွက်ခွာထားခဲ့ပြီး Windows 10 ထုတ်ဝေမှုနှင့် တိုက်ဆိုင်လျက် ၂၀၁၅ ခုနှစ်က ယင်း၏ Microsoft Edge ဘရောက်ဆာအသစ်နှင့်အတူ အသစ်တစ်ဖန် စတင်ထားခဲ့သည်။

အင်တာနက် အသုံးပြုသူ အများစုက အခြားသော ဘရောက်ဆာများကို ပြောင်းရွှေ့အသုံးပြုနေကြပြီးဖြစ်သော်ငြား နောက်ဆုံးဗားရှင်းဖြစ်သည့် Internet Explorer 11 ကို အထောက်အပံ့ပေးရင်း ဆက်လက်ထားရှိခဲ့သည်။

ယခုလို အထောက်အပံ့ပေးခြင်းကို ရပ်ဆိုင်းခြင်းအားဖြင့် အရေးကြီးသော security updates များနှင့် bug fixes များကို ထုတ်ပေးတော့မည် မဟုတ်သည့် အဓိပ္ပါယ်ဖြစ်သည်။

လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုများအနက် ၀ ဒသမ ၄၅ ရာခိုင်နှုန်းမျှကသာလျင် Internet Explorer ဘရောက်ဆာကို ဆက်လက် အသုံးပြုနေဆဲဖြစ်သည်ဟု ဝက်ဘ်ဆိုဒ် အချက်အလက် အကဲဖြတ်မှု ကုမ္ပဏီ StatCounter က ပြောသည်။

“ပြီးခဲ့တဲ့ နှစ်မှာ Microsoft 365 အွန်လိုင်းဝန်ဆောင်မှုတွေအတွက် IE အထောက်အပံ့ပေးမှုကို ရပ်ဆိုင်းကြောင်း ကြေညာမှုလိုမျိုး Internet Explorer (IE) အထောက်အပံ့ပေးမှုကနေ ကျွန်တော်တို့ရဲ့ ပြောင်းရွှေ့ထွက်ခွာမှုကို ခင်ဗျားတို့ သတိပြုမိနိုင်ပါတယ်” ဟု Microsoft Edge ၏ ပါတနာဂရု(ပ်) ပရိုဂရမ်မန်နေဂျာ ရှောင်လင်ဒါဆေးက ယမန်နှစ်ဆုံးဖြတ်ချက်ကို ရှင်းပြရင်း ဘလော့ပို့စ်တစ်ခုတွင် ပြောသည်။

“ယနေ့အချိန်မှာ ကျွန်တော်တို့ဟာ အဲဒီ ခရီးလမ်းရဲ့ နောက်ထပ်အဆင့်မှာ ရောက်နေပါပြီ။ Windows 10 မှာ Internet Explorer ရဲ့ အနာဂတ်ကတော့ Microsoft Edge မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“Microsoft Edge ဟာ Internet Explorer ထက် ပိုမို မြန်ဆန်၊ လုံခြုံစိတ်ချရသလို ပိုမိုခေတ်မီတဲ့ browsing အတွေ့အကြုံကိုလည်း ရစေပါလိမ့်မယ်။ ဒါ့အပြင် အဲဒါက သက်တမ်းကြာတဲ့ အမွေအနှစ် ဝက်ဘ်ဆိုဒ်တွေ၊ အက်ပလီကေးရှင်းတွေအတွက် အံဝင်ခွင်ချဖြစ်မှု ဆိုတဲ့ အဓိက စိုးရိမ်ပူပန်မှုကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly