ဝေါလေမြိုင်မြို့နယ် ရဲစခန်းအချုပ်မှ PDFတပ်ဖွဲ့ဝင်များကို KNDO, PDFပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်နိုင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အရှင်ဖမ်းမိ

ဝေါလေမြိုင်မြို့နယ် ရဲစခန်းအချုပ်မှ PDFတပ်ဖွဲ့ဝင်များကို KNDO, PDFပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်နိုင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အရှင်ဖမ်းမိ

ဇွန် ၁၄

ကရင်ပြည်နယ် KNUတပ်မဟာ( ၆ )ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့နယ် ရဲစခန်းကို ဇွန်လ ၁၃ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် KNDOအထူးကွန်မန်ဒိုတပ်ရင်းနှင့် ဆင်ဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းစခန်းတွင် ချုပ်နှောင်ခံနေရသည့် PDFတပ်ဖွဲ့ဝင် ကျား- ငါးဦးနှင့်၊ မ- လေးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရဲတပ်ကြပ်အပါဝင် ငါးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း KNDOအထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ တိုက်တဲ့အချိန်က နာရီဝက်လောက်ပဲကြာတယ် အရမ်းမခက်ခဲဘူး ခဏပဲတိုက်လိုက်ရတယ်၊ အဓိက တိုက်ရတာက အဲ့စခန်းမှာ PDFရဲဘော်တွေ အဖမ်းခံထားရတာ သိထားတယ်၊ အဲ့ဒါကြောင့် သူတို့ကိုကယ်ဖို့ အချိန်ယူပြီး လေ့လာပြီး အဲ့စခန်းကို တိုက်ခဲ့တာပါ၊ သူတို့ဘက်က စစ်ကူလာမယ့် လိုင်းကြောင်းတွေကို ကျနော်တို့က စောင့်ပြီး ပိတ်ထားနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ဘက် စစ်ကူမလာနိုင်ခဲ့ဘူး” ဟု KNDOအထူးကွန်မန်ဒိုတပ်ရင်းမှ စစ်ကြောင်းမှူးစောဝင်းမြင့်က ပြောသည်။

အဆိုပါ စခန်းသည် ရဲတပ်ဖွဲ့ဝင်အင်အား ၂၈ဦးရှိပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် စခန်းစွန့်ခွာထွက်ပြေးကြသူ အများအပြားရှိပြီး ဖမ်းမိသူများတွင် မိသားစုများပါ ပါရှိနေကြောင်း သိရသည်။ “ဖမ်းမိထားတဲ့ အရှင် ငါးယောက်ကို ကျနော်တို့မေးကြည့်ရဦးမယ်၊ သူတို့ ကျနော်တို့နဲ့ပူးပေါင်းတိုက်ပွဲဝင်မလား အလုပ်လုပ်ချင်လား အိမ်ပြန်ချင်လားလို့ မေးရဦးမယ်၊ သူတို့ဆန္ဒအတိုင်းပါပဲ၊ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ လာပူးပေါင်းချင်ရင် ပူးပေါင်းလို့ရပါတယ်”ဟု KNDOအထူးကွန်မန်ဒိုတပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစလုံးမှ ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စခန်းမှပြန်လည်ကယ်ထုတ်နိုင်သည့် PDFရဲဘော်အမျိုးသမီး နှစ်ဦး၊ ဖမ်းဆီးခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ဒေသခံအမျိုးသား တစ်ဦးနှင့် ဆင်ဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ ၆၀မမကွန်မန်ဒို တစ်လက်၊ G3 နှစ်လက်၊ G4 တစ်လက်၊ BA 93 သုံးလက်၊ ခြောက်လုံးပြူး တစ်လက်၊ ၇.၇၆ကျည် ၇၁၀တောင့်၊ 9 mm ကျည် ၃၆တောင့်၊၆၀မမ ဗုံးသီး ၁၈လုံး၊ G3ကျည်အိမ် ခြောက်ကဒ်၊ အူဇီကျည်အိမ် နှစ်ကဒ်၊ လက်ထိပ် နှစ်စုံ၊ ဓာတ်မီး နှစ်ခု၊ ဓား လေးလက်၊ ပါဝါဘဏ် နှစ်လုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံးနှင့် ရဲတပ်ဖွဲ့ဝင် အိတ်ဆောင်ကဒ်ပြား တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#mizzima

#ဝေါလေမြိုင်

#ရဲစခန်းအချုပ်

#ကယ်ထုတ်နိုင်

#အရှင်မိ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly