နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ခေါင်းစဉ်အောက်မှ ပစ်မှတ် ၉၁ ခုအား တိုက်ခိုက်နိုင်ခဲ့ဟုထုတ်ပြန်

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ခေါင်းစဉ်အောက်မှ ပစ်မှတ် ၉၁ ခုအား တိုက်ခိုက်နိုင်ခဲ့ဟုထုတ်ပြန်

ဇွန် ၁၄

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးခေါင်းစဉ်အောက်မှနေ၍ ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ်ပေါင်း ၉၁ ခုကို တိုက်ခိုက်နိုင်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Urban Guerrilla YPDF က သတင်းထုတ်ပြန်သည်။

ဖောက်ခွဲ၊ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၈၀ ဦးထက်မနည်း သေဆုံးကာ ဦးရေ ၉၀ ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

နန်းထိုက်အောင်မြို့ပြ စစ်ဆင်ရေးသည် ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်မှ စတင်ခဲ့ခြင်ဖြစ်ကာ ယခု ဇွန်လ ၆ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

ယင်း ရက်ပေါင်း ၆၀ အတွင်း ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွင်း စစ်ရေးပစ်မှတ် ၆၃ ခု၊ အုပ်ချုပ်ရေးပစ်မှတ် ၂၁ ခု စီးပွားရေးပစ်မှတ် ခုနစ်ခု တို့အား တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးတိုက်ခိုက်မှု၌ စစ်ရေးပစ်မှတ်အဖြစ် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ အင်းယားလမ်းနှင့် ပန်းဝါလမ်းထောင့်ရှိ စစ်ကောင်စီ၏အကြီးအကဲများနေထိုင်ရာ အိမ်ရာလုံခြုံဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့် လမ်းမတော်မြို့နယ်၌ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိသူကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် အားရကျေနပ်ခဲ့ရသော စစ်ဆင်ရေး အစိတ်အပိုင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဧပြီ ၁၁ ရက်က မွန်ပြည်နယ် ကျိုက္ခမီလမ်းမကြီးပေါ်ရှိ အမှတ် (၅၆၅) တပ်ထိန်းတပ်အား လည်းကောင်း၊ ဧပြီ ၁၃ ရက်တွင် ခရမ်းမြို့နယ် ဇွဲတွန် စစ်ဆင်ရေးဂိတ်အား လည်းကောင်း၊ ဧပြီ ၁၅ ရက်တွင် ကော့မှူးမြို့နယ် ညောင်ထောက် ကျေးရွာနှင့် တကူပုံကျေးရွာအကြား စစ်ကောင်စီယာဉ်တန်းအားလည်းကောင်း တိုက်ခိုက်နိုင်ခဲ့ကြောင်းဆိုသည်။

ဧပြီ ၂၆ ရက်၌ မြောက်ဒဂုံမြို့နယ် မြင်းစီးကွင်းအနီး တပ်စွဲထားသော အားကစားကွင်းနှင့် ဧပြီ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ရဲစခန်းတစ်ခုတို့ကို အသီးသီးပစ်ခတ်တိုက်ခိုက် ဖောက်ခွဲမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

မေလအတွင်း၌လည်း သန်လျှင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့၊ သွေးသောက်အဖွဲ့ခေါင်းဆောင်ကို ရှင်းလင်းခဲ့မှု၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းနှင့် ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ လုံခြုံရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်မှုတို့သည် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။

#နန်းထိုက်အောင်

#မြို့ပြပြောက်ကျား

#စစ်ဆင်ရေး

#စစ်ရေးပစ်မှတ်

#ဖောက်ခွဲ

#တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly