တရုတ်အစိုးရက မိမိတို့လူမျိုးများကို ပါကစ္စတန်တွင် တိုက်ခိုက်ခြင်းမပြုရန် တောင်းဆို

တရုတ်အစိုးရက မိမိတို့လူမျိုးများကို ပါကစ္စတန်တွင် တိုက်ခိုက်ခြင်းမပြုရန် တောင်းဆို

တရုတ်သည် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများတိုက်ခိုက်ခံနေရမှုကို ထောက်ပြကာ ဘာလိုချီစတန်ဒေသရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံစီမံကိန်း၌ အလုပ်လုပ်နေသော ၎င်းတို့နိုင်ငံသားများအပေါ် တိုက်ခိုက် နေခြင်းအား ရပ်တန့်ပေးရန် ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာဂျာဗက်ဘာဂျ်ဝါအား ဇွန်လ ၁၂ ရက်က တောင်းဆိုလိုက်သည်။

နိုင်ငံတကာနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများအပေါ် အမြင်များဆွေးနွေးခဲ့ကြသော ပါကစ္စတန်နှင့်တရုတ် အကြီးတန်းအရာရှိများအစည်းအဝေး၌ တရုတ်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Frontier Post က ဖော်ပြသည်။

ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများ စဉ်ဆက်မပြတ် ပစ်မှတ်ထားခံနေရသည်ဆိုသော သတင်းများ ကြားနေရချိန်၌ အစ္စလာမာဘတ်ရဲတပ်ဖွဲ့သည် လိုအပ်သော ဝန်ထမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးများအတွက် ဗဟိုရဲဌာနချုပ် (CPO) တွင် နိုင်ငံခြားသားလုံခြုံရေးစခန်းတစ်ခု ထူထောင်ရန် ဆုံးဖြတ်ပြီးနောက် တရုတ်က ယခုကဲ့သို့ တောင်းဆိုလာခြင်းဖြစ်သည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါသည် တရုတ်နိုင်ငံ၌ တရုတ်စစ်တပ်နှင့် ကျင်းပသော Apex အစည်းအဝေးသို့ ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံစလုံးသည် အကြမ်းဖက်မှုတန်ပြန်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိကဝတ်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံသားများအပေါ် ဘာလို့ချ်အဖွဲ့၏တိုက်ခိုက်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဘာလို့ချ်သောင်းကျန်းသူများက တရုတ်အား ပါကစ္စတန်အစိုးရနှင့်အတူဘာလိုချီစတန်၏ သဘာဝ အရင်းအမြစ်များကို အဓမ္မယူသော နယ်ချဲ့အာဏာရှင်အဖြစ် မှတ်ယူထားသောကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ နှင့်လျှပ်စစ်တာဝါတိုင်များကဲ့သို့သော CPEC အခြေခံအဆောက်အအုံစီမံကိန်းများကို ပုံမှန်ပစ်မှတ်ထား လေ့ရှိသည်။

ဇွန်လ ၁၂ ရက်က ကျင်းပသည့် Apex အစည်းအဝေးကို ပါကစ္စတန်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာဂျာဗက်ဘာဂျ်ဝါနှင့် တရုတ်ဗဟိုစစ်ကော်မရှင်မှ ဒု-ဥက္ကဋ္ဌ ကျန်းယုရှီယာတို့က ဦးဆောင်ကာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required