မြောင်နယ်အတွင်းဝင်ရောက်လာသည့်စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၅ ဦး သေဆုံး

10 June 2022
မြောင်နယ်အတွင်းဝင်ရောက်လာသည့်စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၅ ဦး သေဆုံး

ဂျာမုန်း
ရေစကြိုမြို့နယ်မှတဆင့် မြောင်မြို့နယ်သို့ အင်အား ၁၂၀ ဝန်းကျင်ဖြင့် ပြန်လည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မြောင်နှင့်ရေစကြိုနယ်စပ်၊ ဇရပ်နီကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၉ ရက်၊ နံနက် ၄ နာရီခန့်က ကာကွယ်ရေးတပ်ဖွဲ့များမှကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည့်သူ့ ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM မှ ထုတ်ပြန်ထားသည်။

နာရီဝက်ခန့်ကြာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၅ ဦးသေဆုံးကာ ဒဏ်ရာရသူများပြားနိုင်ကြောင်း အဖွဲ့ဘက်မှ ပြောဆိုသည်။

“သူတို့ မြောင်ဘက်ကိုဝင်ရင် တိုက်မယ်ဆိုပြီး လမ်းကနေ မနက် ၄ နာရီလောက်က သွားစောင့်နေတာ။ မနက်အစောကြီးဆိုတော့ သူတို့လည်း ထင်မထားဘူး။ စစ်ကြောင်းအတန်းလိုက်ကြီးကို ချောင်းပြီးပစ် တာ။ သူတို့က ကွင်းပြင်ထဲမှာ၊ ကိုယ်က အကာအကွယ်ထဲမှာ။ သူတို့ဘက်က တော်တော်ကျတယ်။ ၁၀ ကောင်ဆိုတဲ့ဟာက ဒဏ်ရာရတဲ့သူတွေတောင် ထည့်မထားဘူး။ သူတို့က ဝရုန်းသုန်းကားတွေဖြစ်ပြီးပြေး ကြတာ။ ကျွန်တော်တို့က မိုင်းတွေလည်း ကြိုထောင်ထားတယ်။ ဒါပေမယ့် သူတို့က Jammer ရှိတော့ မိုင်းကမကွဲဘူး။ ဒါပေမယ့် တိုက်ပွဲမှာပြေးရင်းလွှားရင်း မိုင်းကြိုးခလုပ်တိုက်ပြီး နေရာမှာပဲ ငါးကောင်ထပ် သေတယ်” ဟု CDSOM အဖွဲ့ဦးဆောင်သူ ကိုနွေဦးကပြောသည်။

စစ်ကောင်စီတပ်က ဇရပ်နီကျေးရွာသို့ ပြန်လည်ဆုတ်ခွာရာ လမ်းတလျှောက်တွင် ၆၀ မမ၊ ၄၀ မမ တို့ဖြင့် ရမ်းသမ်းပစ်ခတ်ရာ ကာကွယ်ရေးတပ်မှရဲဘော်တစ်ဦး ယမ်းစထိမှန်ပြီး မစိုးရိမ်ရသည့်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးအား ဗိုလ်ကျားသစ်(CDSOM တောင်ပိုင်းခေါင်းဆောင်)အဖွဲ့၊ ပြည်သူ့တပ်မတော် (မြောင်) – MUA၊ PDF Taloke၊ GGG၊ PDF- တောင်သာ၊ MGN Ranger၊ MGN Tiger၊ MGN 35၊ MGN 21 နှင့် Shwe Oh အဖွဲ့ ( CDSOM တောင်ပိုင်း)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှာ ဇရပ်နီကျေးရွာရှိ နေအိမ်နှစ်လုံးအားမီးတင်ရှို့ပြီး မြောင်မြို့နယ်၊ မင်းလှကျေးရွာသို့ ဝင်ရောက်ကာ ရွာခံသုံးဦးကိုဖမ်းဆီး၍ ဘုန်းကြီးကျောင်း၌ တပ်စွဲကာဆေးကုသခဲ့ကြောင်း သိရသည်။

“ရွာသားသုံးယောက် အဖမ်းခံရပြီး ဒီမနက်တော့ ပြန်လွှတ်လိုက်တယ်။ သူတို့သုံးယောက်က ဒဏ်ရာတွေ များလို့ ကျွန်တော်တို့ဆေးခန်းကိုရောက်လာတယ်။ ဒီမနက် စကစတပ်တွေက ပန်းညိုရွာကိုရောက်သွား ပြီ။ အခြေအနေကတော့ ငြိမ်နေသေးတယ်။ ပြည်သူတွေကတော့ မနေ့ညနေကတည်းက အကုန်ရှောင်ပြီး သွားပြီ”ဟု ကိုနွေဦးက ပြောပြသည်။

၎င်းစစ်ကောင်စီတပ်မှာ မေလတစ်လလုံး မြောင်မြို့နယ်အတွင်းမှ ကျေးရွာများအား မီးပတ်ရှို့ကာ ဇွန်လ ၆ ရက်နေ့တွင် ရေစကြိုနယ်သို့ ထွက်ခွာသွားပြီးနောက် ယမန်နေ့က  ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြောင်နယ်၌ စစ်ရေးအခြေအနေတင်းမာလျှက်ရှိကာ အချိန်မရွေး တိုက်ပွဲထပ်မံဖြစ်ပွား နိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။

#Mizzima
#မြောင်မြို့နယ်
#ရေစကြိုမြို့နယ်
#ကြားဖြတ်တိုက်ခိုက်
#CDSOM
#စစ်ရေးတင်းမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly