ဇွန် ၁၀
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာတွင် သုံးလကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်အောက်ခံ စစ်သားများ ၊ရဲများနှင့် ပျူစောထီးများက ထန်းဇင်ကျေးရွာရှိ လူနေအိမ် ကိုးလုံးကို လေးကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ ဒေသခံတွေက တောလမ်းလေးကနေ ကွေ့ပြီးတော့ သွားနေတဲ့ ကားတွေ ၊ ဆိုင်ကယ်တွေကို ဆတ်ကြေးတောင်းတဲ့သဘောနဲ့ ပိုက်ဆံလိုက်လိုက်တောင်းနေတာ ။ ရွာအစပ်တွေကို ထွက်ပြီးတော့ လိုက်တောင်းနေတာ ။ ဒေသခံတွေက ကားလမ်းမက မသွားဘူး။ တောလမ်းကနေ ပြည်သူတွေကသွားနေကြတာ ။ ထန်းဇင်ကျေးရွာအနီးကနေ အဲကောင်တွေလာတုန်း ဒေသခံကာကွယ်ရေးတပ်က မိုင်းဆွဲလိုက်တာ ။ နောက်နေ့ကျ ထန်းဇင်ကျေးရွာကို မီးလာရှို့သွားတာ “ ဟု ဒေသခံက မဇ္စျိမသတင်းဌာနကိုပြောသည်။
အိမ်ခြေ ၆၀၀ ဝန်းကျင်ခန့်ရှိသည့် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်များက သုံးလအတွင်း လေးကြိမ်မြောက် ဖြင့် နေအိမ် ကိုးလုံးအပါအဝင် နေအိမ်ဝန်းအတွင်းရှိ မီးရှို့လို့ရသည့် မှန်သမျှကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ဒေသခံက “ ၆ရက်နေ့ မနက် ၈နာရီလောက်မှာ ထန်းဇင်ကျေးရွာကို ဝင်လာပြီး မီးရှို့သွားတာ ။ စစ်သား ၁၅ ဦး ၊ ရဲ ၁၀ယောက် နဲ့ပျူစောထီး အပါဝင် အင်အား ၅၀ လောက်ရှိမယ်။ ဘန့်ဘွေးရွာမက ပျူစောထီးရွာပါ။ ဒေသတော်လှန်ရေးတော်တော်များများက ထန်းဇင်ကျေးရွာ အနီးကနေ့ တိုက်ခိုက်မှုတွေကို မကြာခဏဆိုသလို လုပ်နေတော့ သူတို့က တစ်ခုခုဆို ထန်းဇင်ကျေးရွာကို မီးလာလာရှို့နေတာ “ ဟု ထပ်မံရှင်းပြသည်။
ဘန့်ဘွေးရွာမ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ထန်းဇင်ကျေးရွာမှာ မုံရွာ - ယာကြီး -ကလေးဝ ကားလမ်းမသာခြားကြောင်း သိရသည်။
လက်ရှိအချိန်ထိ ထန်းဇင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ အများစုအနေဖြင့် နေအိမ်သို့ပြန်မလာနိုင်ဘဲ တောထဲတွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။
#mizzima
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#လေးကြိမ်မီးရှို့