မြိတ်နှင့်ကော့သောင်းတွင် စက်သုံးဆီများ အလုအယက်ဝယ်ယူနေကြ

09 June 2022
မြိတ်နှင့်ကော့သောင်းတွင် စက်သုံးဆီများ အလုအယက်ဝယ်ယူနေကြ

ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့တွင် စက်သုံးဆီဆိုင်ငယ်များ ဖမ်းဆီးခံရသည့်သတင်းကြောင့် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စက်သုံးဆီဆိုင်ကြီးများတွင် အလုအယက် ဝယ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။

“ မနေ့ညက ဆီဆိုင် (အိမ်ဆိုင်ငယ်) တွေ ဖမ်းခံရတယ်လို့ ကြားတယ်။ ဒီနေ့ မနက်မှာတော့ ဆီဆိုင်တွေကြီးမှာ ဝယ်ယူသူတွေ များလာတော့ အကန့်သတ်နဲ့ပဲ ရောင်းပေးနေတယ်”ဟု ကော့သောင်းမြို့ခံ တစ်ဦးက ပြောသည်။

အလာတူ မြိတ်မြို့တွင်လည်း ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီ နောက်ပိုင်း စက်သုံးဆီ ဆိုင်ကြီးများတွင် ဒေသခံများ အလုအယက် လာရောက် ဝယ်ယူနေကြကြောင်းသိရသည်။

“ ဆီဆိုင်တွေမှာ တိုးတာကတော့ ယာဉ်ကြောပါ ပိတ်သွားတယ်။ ဆီကုန်သွားရင် အခက်အခဲ ဖြစ်မှာ စိုးလို့ လာဝယ်တာဖြစ်တယ် ” လို့ စက်သုံးဆီ ကိုယ်တိုင်သွားဝယ်သူ တစ်ဦးက ပြောပြသည်။

ယင်းသို့ ပြည်သူများ တိုးကြိတ် လာရောက် ဝယ်ယူမှုများကြောင့် စက်သုံးဆီ ဓာတ်ဆီ တစ်လီတာ ကျပ်ငွေ ၃,၀၀၀ ဝန်းကျင် အထိ စျေးမြှင့်တက်ခဲ့ကြောင်းလည်း သိရသည်။

“စျေးကတော့ တက်သွားပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်း ဓာတ်တစ်လီတာကို ၂,၁၀၀ ရှိရာမှ အခု ၂,၉၅၀ အထိ စျေးတက် သွားတယ်” လို့ မြိတ်ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ အဖွဲ့စည်းတစ်ခုမှနေ၍ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ စက်သုံးဆီ ဆိုင်ငယ်များကို တရားမဝင် ရောင်းချခြင်း အကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေး နေသကဲ့သို့ ဆီလှောင်ကန်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

#တနင်္သာရီတိုင်း

#မြိတ်

#ကော့သောင်း

#စက်သုံးဆီ

#ဆိုင်ငယ်

#အလုအယက်ဝယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly