တမူးမြို့နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်များနိုင်

09 June 2022
တမူးမြို့နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်များနိုင်

ဇွန် ၉

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများပြားနိုင်ကြောင်းနှင့် ၎င်းတို့ဘက်မှ ရဲဘော်တစ်ဉီးကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(တမူး)တပ်ရင်း(၃)မှ ဇွန်လ ၉ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရန်လင်းဖိုင်ကျေးရွာအနီး နေရာယူထားစဉ် ခွန်မွန်းနွန်ကျေးရွာဘက်မှ စစ်ကောင်စီနှင့်ပျူစောထီးများ အင်အားအလုံးအရင်းဖြင့် ဖြန့်တက်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲမှာပြင်းထန်ခဲ့ပြီး ဝိတုတ်ကျေးရွာနှင့် ခွန်မွန်းနွန်ကျေးရွာတွင်နေရာယူထားသော စစ်ကောင်စီတပ် က ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမနှင့် RPG များဖြင့် ရန်လင်းဖိုင်ကျေးရွာအတွင်းသို့ တရစပ်ပစ်ခတ်ခဲ့ပြီး နန်မွန်တားနှင့်ခွန်မွန်းနွန်ရွာမှ စစ်ကောင်စီတပ်များသည် ခြေလျင်ဖြင့် ရန်လင်းဖိုင်ဘက်သို့ စစ်ကူချီတက် လာကာ ၎င်းတို့အနောက်မှ စစ်ကား ၁၀ စီးခန့်လိုက်ပါလာကြောင်း သိရသည်။

PDF(Tamu)တပ်ရင်း(၃)မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါကားတန်းသည် ရန်လင်းဖိုင်ဘုရားကျောင်း လမ်းအရှေ့၊ အာရှလမ်းပေါ်တွင်ရပ်တန့်သွားခဲ့ပြီး စစ်ကောင်စီတပ်သားများသည် ရွာအတွင်းရှိ ဘုရား ကျောင်းနှင့်နီးစပ်ရာ လူနေအိမ်များတွင်ခြေကုတ်ယူကာ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းဆိုသည်။

ယင်းသို့ခြေကုတ်ယူထားသောနေရာများသို့ ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ကြပြီး ညနေ ၆ နာရီ ၃၀ မိနစ်အထိတိုက်ပွဲကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများပြားပြီး ရေအတွက် သိရခြင်းမရှိကြောင်းဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ရင်း-၃) မှ ရဲဘော်တစ်ဉီး ကျဆုံးခဲ့ပြီး အခြားရဲဘော်သုံးဉီး မစိုးရိမ်ရသောဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဇွန် ၇ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား နန်းမွန်းတား - ခွန်မွန်နွန်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တမူး-ကလေး လမ်းမကြီးပေါ်တွင် ခရီးသွားလာခြင်း၊ ခရီးသည်တင်လိုင်းကားများပြေးဆွဲခြင်း လုံးဝမပြုလုပ်ကြရန် သတိပေးထားသည်။

စစ်ကောင်စီကားများနှင့် မှားယွင်းပစ်ခတ်မှုမဖြစ်ပွားစေရန် ကားမှန်ချမောင်းနှင်ရန်နှင့် ကားရှေ့မီးကြီး များဖွင့်၍ အချက်ပေးမောင်းနှင်ပေးခြင်းများပြုလုပ်ကြရန် သတိပေးချက်တွင် ဖော်ပြထားသည်။

#Mizzimz

#စစ်ကိုင်းတိုင်း

#တမူးမြို့နယ်

#တိုက်ပွဲပြင်းထန်

#PDF(Tamu)

#စစ်ကောင်စီတပ်

#အသေအပျောက်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly