မြန်မာအတွက် စာနာမှုအကူအညီ ပေးအပ်ရာတွင် အာဆီယံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ICRC အသင့်ရှိ

မြန်မာအတွက် စာနာမှုအကူအညီ ပေးအပ်ရာတွင် အာဆီယံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ICRC အသင့်ရှိ

ဇွန် ၉

မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာတွင် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA Centre) နှင့် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က အသင့်ရှိနေသည်။

မြန်မာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိရာ ဧရိယာများနှင့် ရောက်ရှိရန် ခက်ခဲသော ဧရိယာများတွင် ရှိနေသူများအပါအဝင် အကူအညီလိုအပ်နေသည့် ပြည်သူများနှင့် လူအစုအဖွဲ့အားလုံးထံ ဘက်မလိုက်၊ သမာသမတ်ကျစွာဖြင့် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေရေးက အထူးပင် အရေးကြီးလှကြောင်း ICRC ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စတင်း ဆစ်ပိုလာက ပြောသည်။

“အထူးသဖြင့်တော့၊ ဘယ်အဖွဲ့အစည်းမှ သွားရောက်နိုင်ခြင်းမရှိတဲ့ ဒါမှမဟုတ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေ ဖြစ်နေတဲ့ ဧရိယာတွေ ဒါမှမဟုတ် အခြားသော အကြမ်းဖက်မှု အခြေအနေတွေ ရှိနေတဲ့ ဧရိယာတွေက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို အာဆီယံ AHA Centre နဲ့ ယင်းရဲ့ ပါတနာတွေက ဖော်ထုတ်ထားတယ်ဆိုရင် ICRC အနေနဲ့ ကြားဝင် လုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ နှစ်ဆတိုးပေးရန်နှင့် ယင်းကဲ့သို့ အကူအညီပေးရာတွင် AHA Centre သာမက နိုင်ငံတကာအဖွဲ့အစည်းများလည်း ပါဝင်လုပ်ဆောင်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောဆိုချက်ကို တုံ့ပြန်ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း သူမက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများသည် စစ်ဒဏ်သင့်၊ ပဋိပက္ခ ဧရိယာများတွင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရာတွင် အတွေ့အကြုံ ရှိကြောင်းနှင့် AHA Centre ကမူ ရေကြီးမှုနှင့် ငလျင်လှုပ်မှုတို့ကဲ့သို့ သဘာဝဘေးဒုက္ခများအတွင်း လူသားချင်းစာနာမှု အကူအညီပေးအပ်ရာတွင် ပိုမို အတွေ့အကြုံရှိကြောင်း မလေးရှားဝန်ကြီးက ပြောခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂက လမ်းညွှန်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် AHA Centre တို့ ပါဝင်လုပ်ဆောင်ခြင်းက ရည်မှန်းထားသည့် လူအုပ်စုများထံ လူသားချင်းစာနာမှုအကူအညီများကို ထိရောက်စွာ ဖြန့်ဝေပေးပို့နိုင်စေလိမ့်မည်ဟု ဆိုင်ဖူဒင်က ပြောခဲ့သည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရသည့် အစိုးရကို ဖြုတ်ချထားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးအတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က လိုက်နာရန် ပျက်ကွက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required