ပုလောမြို့နယ်တွင် ရွာ ၂ ရွာကို စစ်ကောင်စီဖွဲ့ စစ်ကြောင်းထိုး ပစ်ခတ်နေ၍ ဒေသခံများ တိမ်းရှောင်နေရ

By ကိုရွှေမြိတ်
08 June 2022
ပုလောမြို့နယ်တွင် ရွာ ၂ ရွာကို စစ်ကောင်စီဖွဲ့ စစ်ကြောင်းထိုး ပစ်ခတ်နေ၍ ဒေသခံများ တိမ်းရှောင်နေရ

ပုလော၊ဇွန်လ(၈)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ KNU ထိန်းချုပ်နယ်မြေ ဂျင့်ဂါရွာကို အိမ်စီးကား နှစ်စီး၊ကျောက်တင်ကား တစ်စီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ နီးပါးဖြင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက“စစ်တပ်က ရွာထဲကို စရောက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ လုပ်နေတာပါ ။ PDF တွေဘက်ကတော့ ပစ်ခတ်မှုတွေ စ မလုပ်သေးပါဘူး”ဟု ပြောသည်။

ထို့အပြင် ပုလောကုန်းကျေးရွာအုပ်စုရှိ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ သည် ကင်းပုန်းဝပ်ပြီး ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် အင်အား ၁၅၀ နီးပါးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း နှစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်သည့်အပြင် မြိတ်လေတပ်စခန်းမှ ကင်းထောက် လေယာဉ်ဖြင့် ပျံဝဲကာ ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်းလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

“တိုက်ပွဲက အခုအခြေအနေ အရဆိုရင် ပြင်းထန်လာ နိုင်တဲ့ အနေအထား ရှိနေပါတယ်”ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၆ ရက်နေ့တို့တွင် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ပုလောဘက်တွင် စစ်ကောင်စီ ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက် ၊သေဆုံး ၊ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်-ထားဝယ် လမ်းပိုင်း ပုလောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ ယာဉ်တန်းများသည် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲများ ဖြစ်ပွါးလေ့ရှိသည်။

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#ပုလောမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#စစ်ကြောင်းပစ်ခတ်

#တိမ်းရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly