ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ၏ ဆောင်းပါးနှင့် ပတ်သက်၍ တရုတ်၏ ခြိမ်းခြောက်မှုကို အစ္စရေးသတင်းစာက လက်မခံ

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ၏ ဆောင်းပါးနှင့် ပတ်သက်၍ တရုတ်၏ ခြိမ်းခြောက်မှုကို အစ္စရေးသတင်းစာက လက်မခံ

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ၏ ဆောင်းပါးဖော်ပြထားခြင်းကို မဖယ်ရှားပါက ထုတ်ဝေမှုဆိုင်ရာ ဆက်ဆံရေးကို ဖြတ်တောက် မည်ဟု တရုတ်၏ ခြိမ်းခြောက်မှု မထွက်ပေါ်လာမီ ဇွန် ၁ရက်တွင် အစ္စရေးသတင်းစာ Jerusalem Post က ယင်းဆောင်းပါးကို ဖယ်ရှားပေးရန် ငြင်းဆိုခဲ့သည်။

ဆောင်းပါးကို မဖယ်ရှားပါက တရုတ်က သတင်းစာနှင့် အဆက် အသွယ်ဖြတ်မည်ဖြစ်သလို “အစ္စရေးနှင့် ဆက်ဆံရေးကို အဆင့်နှိမ့်ချမည်” ဖြစ်ကြောင်း တရုတ်သံရုံးမှ ဖုန်းဆက်ပြောကြားလာသည်ဟု အစ္စရေး၏ ရောင်းအား အကောင်းဆုံးဖြစ်သော အဆိုပါအင်္ဂလိပ်သတင်းစာ၏ အယ်ဒီတာချုပ် ယာကွတ်ဗ် ကက်ဇ်၏ တွစ်တာတွင် ရေးသားခြင်းကို Taipei Times သတင်းတွင် ဖော်ပြထားသည်။

“ဆောင်းပါးကို ဖယ်စရာမလိုပါဘူးဆိုတာ ပြောစရာတောင်မလိုပါဘူး” ဟု ကက်ဇ်က ရေးသားခဲ့သည်။ မေ ၃၀ရက်က ဖော်ပြခဲ့သည့် အင်တာဗျူးတွင် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်သို့ စိမ့်ဝင်ရန် ကြိုးပမ်းနေသည့် တရုတ်၏ “လျင်မြန်စွာ ချဲ့ထွင်နေသော အာဏာရှင်စနစ်” ၏ ရှေ့တန်းတွင် ထိုင်ဝမ်သည် တည်ရှိနေကြောင်း ဝူက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဖြစ်နိုင်ချေရှိသော တရုတ်၏ ကျူးကျော်မှုကို ကိုယ်တိုင်ခုခံကာကွယ်ရန် တာဝန်ရှိသော်လည်း လက်နက်ထောက်ပံ့မှုနှင့် စစ်ရေးလေ့ကျင့်မှုအပါအဝင် အမေရိကန်နှင့် “လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” တွင် ပိုမိုပါဝင်ရန် မျှော်လင့်ထားကြောင်း ဝူက ပြောကြားခဲ့သည်။

ယူကရိန်းအား ရုရှားကျူးကျော်မှုမှ မှားယွင်းသော သင်ခန်းစာကို တရုတ်က သင်ယူနေမည်ကို စိုးရိမ်ကြောင်းနှင့် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ ရန်စမှုများ ပိုမိုများပြားလာခြင်းကြောင့် ကျူးကျော်ရန် ပိုမိုစိတ်ပိုင်းဖြတ် ထားပုံရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်က စစ်ရေးနှင့် သံတမန်ရေးအရ နိုင်ငံအများအပြားဆက်ဆံရေးတည်ဆောင်ရန် ပြင်ဆင်နေပြီး ဥရောပ အရှေ့ပိုင်းရှိ နိုင်ငံများ၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်ကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ထိုင်ဝမ်တို့သည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့တွင် တူညီသောယုံကြည်ချက်များ ရှိသည့် စိတ်တူကိုယ်တူ နိုင်ငံများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အစ္စရေးက တိုင်းပြည်ကို ကာကွယ်ရန် ဆုံးဖြတ်ချက်သည် ထိုင်ဝမ်အတွက်အကောင်းဆုံး ဥပမာဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်၏ စွက်ဖက်မှုများ ရှိနေသော်လည်း ထိုင်ပေ-အစ္စရေးဆက်ဆံရေးကို မြှင့်တင်ရန် နောက်ထပ် လုပ်ဆောင်မှုများ ရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required